စစ်ကိုင်း ၁၂ မေ
စစ်ကိုင်းမြို့ပေါ် လမ်းမများတွင် အလင်းရောင်နှစ်ဖက်ရ LED လျှပ်စစ်မီးတိုင်များ စိုက်ထူသွားရန်အတွက် ယမန်နေ့ မွန်းလွဲ (၃)နာရီခွဲက စစ်ကိုင်းမြို့၊ မြို့တော်ခန်းမတွင် ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြောင်း စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေးကော်မတီမှ သိရသည်။
အဆိုပါ အစည်းအဝေးသို့ ဌာနဆိုင်ရာများ၊ စစ်ကိုင်းမြို့မိ၊ မြို့ဖအဖွဲ့၊ စစ်ကိုင်းမြို့တော် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၊ စစ်ကိုင်းမြို့ပေါ်ရပ်ကွက်များမှ အုပ်ချုပ်ရေးမှူးများ၊ စီးပွားရေးလုပ်ငန်းများ အလှူရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
''ဒီနေ့ အခမ်းအနားက မြို့သာယာလှပရေးအတွက် LED လျှပ်စစ်မီးတိုင်းတွေ စိုက်ထူမယ့်အကြောင်းကို ညှိနှိုင်းပြီး ချပြတဲ့ အခမ်းအနားဖြစ်ပါတယ်။ ကျွန်တော်တို့ မြို့မိ၊ မြို့ဖအဖွဲ့၊ မြို့ဖွံ့ဖြိုးရေးအဖွဲ့၊ လုပ်ငန်းရှင်တွေကို အားကိုးပြီးတော့မှ ဒီလုပ်ငန်းစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရမှာဖြစ်ပါတယ်။ အဲဒါကြောင့် ခုလိုတွေ့ဆုံပြီးတော့မှ ဆောင်ရွက်မယ့် လုပ်ငန်းစဉ်ကို ချပြဆွေးနွေးတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ စည်ပင်ကော်မတီနဲ့ ပူးပေါင်းဆောင်ရွက်စေချင်တယ်'' ဟု စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းနိုင်က ပြောသည်။
စစ်ကိုင်းမြို့ပေါ်လမ်းများတွင် LED လျှပ်စစ်မီးတိုင်များ စိုက်ထူရေး ပထမအဆင့် အနေဖြင့် ဗိုလ်ချုပ်အောင်ဆန်း ပန်းခြံရှေ့မှ အသင်္ခယာစောယွမ်း ကြေးရုပ်ထုအထိ အလင်းရောင်နှစ်ဖက်ရ လမ်းလယ်လျှပ်စစ် ဓာတ်တိုင် (၁၈)တိုင် စိုက်ထူသွားမည်ဖြစ်ပြီး ထို့သိုစိုက်ထူရန် အခမ်းအနားတွင် လုပ်ငန်းရှင်အချို့မှ လျှပ်စစ်မီးတိုင်များ ပါဝင်လှူဒါန်းရန် စာရင်းပေးသွင်းခဲ့ကြကြောင်း သိရသည်။
''အလှူရှင်တွေ လှူဒါန်းတဲ့ အလှူငွေကို ကနဦးတည်ပြီးမှ လိုအပ်တဲ့ငွေကို တိုင်းအစိုးရက ထောက်ပံပေးမယ်။ လက်ရှိ ကနဦးက ဗိုလ်ချုပ်ပန်းခြံရှေ့ကနေ အသင်္ခယာစောယွမ်းကြေးရုပ်ထု အဝိုင်းပတ်အထိ အလင်းရောင်နှစ်ဖက်ရ လမ်းလယ် လျှပ်စစ်ဓာတ်တိုင် တပ်ဆင်သွားဖို့ လျာထားပါတယ်"ဟု ၎င်းကပြောသည်။
ဒုတိယအဆင့်အနေဖြင့် LED လျှပ်စစ်မီးတိုင်များကို ဗိုလ်ချုပ်အောင်ဆန်းပန်းခြံရှေ့မှ စစ်ကိုင်းမြို့၊ မြို့မဈေးရှေ့၊ ထို့မှတစ်ဆင့် အမှတ် ၂ အခြေခံပညာ အထက်တန်းကျောင်း၊ မင်းလမ်းရပ်ကွက်ထိပ် စသည့် လမ်းမများအပေါ်သို့ အလှူငွေရရှိသည့်အပေါ် မူတည်၍ အဆင့်ဆင့် စိုက်ထူသွားမည်ဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းမြို့၊ မြို့အင်္ဂါရပ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်ရေး၊ သာယာလှပရေးနှင့် ပြည်သူလူထုများ ဘေးအန္တရာယ်ကင်းစွာ သွားလာနိုင်ရေးအတွက် ရည်ရွယ်၍ LED လျှပ်စစ်မီးတိုင်များ စိုက်ထူရခြင်းဖြစ်ပြီး ထိုသို့ LED လျှပ်စစ်မီးတိုင်များ စိုက်ထူလုပ်ငန်းတွင် စေတနာရှင်၊ အလှူရှင်များ အနေဖြင့် ပါဝင်လှူဒါန်းလိုပါက စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေးကော်မတီထံသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
ကိုမင်း(အင်းတော်)