စစ်ကိုင်း ၂၃  အောက်တိုဘာ

 

စစ်ကိုင်းမြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများနှင့် မဲရုံအဖွဲ့ဝင်များအဖြစ် တာဝန်ထမ်းဆောင် ကြမည့်သူများအား ရွေးကောက်ပွဲဆိုင်ရာသင်တန်းကို ယမန်နေ့က အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း ပါရဂူခန်းမ၌ ဖွင့်လှစ်သင်ကြားပေးခဲ့ ကြောင်း သိရသည်။             

 

သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် စစ်ကိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးရဲထွဋ်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပြဌာန်းချက်များ ကို ရှင်းလင်း ပြောကြားခဲ့သည်။

 

 ထို့နောက် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဇော်မိုးမြင့်က ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်၏ လုပ်ငန်းတာဝန်များကို လည်းကောင်း၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင် ဦးမျိုးကျော်အောင်က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်လုပ်ငန်းလမ်းညွှန်၊ ရွေးကောက်ပွဲ တာဝန်ရှိသူများ စစ်ဆေးရန်အချက်အလက်များ၊ ဆန္ဒမဲပေးခြင်းနှင့် မဲရေတွက်ခြင်း ဆိုင်ရာ တစ်ရက်တာ သင်တန်း သင်တန်းပို့ချသူများအတွက် လမ်းညွှန်ချက်ပါ အကြောင်းအရာများကို လည်းကောင်း၊ ပြည်သူများ ဆန္ဒမဲပေးရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားချက်များနှင့်အညီ ဆန္ဒမဲပေးနိုင်ရန်အတွက် ပရိုဂျက်တာဖြင့် ပြသသင်ကြားပေးလျှက်ရှိသည်။

 

အဆိုပါ သင်တန်းတွင် ရပ်ကျေးကော်မရှင်အဖွဲ့ခွဲများမှ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် အဖွဲ့ဝင် စုစုပေါင်း (၄၃၆)ဦး တို့အား အဖွဲ့(၅)ဖွဲ့ခွဲကာ အောက်တိုဘာ (၂၂)ရက်မှ (၂၆)ရက်အထိ ဖွင့်လှစ် သင်ကြား ပေးသွားမှာဖြစ်ကြောင်း သိရသည်။                                                                                             

 

မျိုးဝင်း(စစ်ကိုင်း)