စစ်ကိုင်း ၂၆ သြဂုတ်
စစ်ကိုင်းမြို့တွင် ပထမအကြိမ် ကျောင်းပေါင်းစုံ (အခြေခံပညာအလယ်တန်းအဆင့်၊ အထက်တန်းအဆင့်) ဖိတ်ခေါ် စက်ဘီးစီးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း စစ်ကိုင်းစက်ဘီးစီးအဖွဲ့ CAS (Cycling Association Of Sagaing ) မှ သိရသည်။
အဆိုပါ ပထမအကြိမ် ကျောင်းပေါင်းစုံ ဖိတ်ခေါ်စက်ဘီးစီးပြိုင်ပွဲကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊မြန်မာနိုင်ငံ စက်ဘီးစီးအဖွဲ့ချုပ်နှင့် စစ်ကိုင်းစက်ဘီးစီးအဖွဲ့ CAS (Cycling Associ ation Of Sagaing )တို့ ပူးပေါင်း၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီးပြိုင်ပွဲတွင် အခြေခံပညာ ကျောင်းများမှ ကျောင်းသား၊ကျောင်းသူဦးရေ ၅၀ဝ ခန့်ပါဝင်ယှဉ်ပြိုင်ကြကြောင်း စစ်ကိုင်းစက်ဘီးစီးအဖွဲ့ CAS (Cycling Association Of Sagaing ) ဥက္ကဋ္ဌ ဦးထွန်းထွန်းဦး ကပြောသည်။
''တစ်နိုင်ငံလုံးကို ကိုယ်စားပြုပြီး ဖိတ်ခေါ်တယ်။ ခုဟာကတော့ နီးစပ်ရာဖြစ်တဲ့ တံတားဦး၊ မန္တလေး နဲ့ စစ်ကိုင်းကအတော်များများ ဝင်ရောက်ယှဉ်ပြိုင်ကြတယ်၊ ကျောင်းပေါင်း ၁၈ ကျောင်းရှိတယ်။လူဦးရေ အနေနဲ့က ၄၆၀ ကျော် ရှိတယ်။ ရည်ရွယ်ချက်ကတော့ ကျောင်းသူ၊ကျောင်းသားတွေ စက်ဘီးအားကစားကို စိတ်ဝင်စားလာစေဖို့ရယ်၊အရင်တုန်းကလို ကျောင်းအတက်အဆင်းကို စက်ဘီးတွေနဲ့ပဲ ပြန်အသုံးပြုလာအောင်၊ စက်ဘီးအားကစားသမားအသစ်တွေ ပြန်ပေါ်ထွန်းလာစေဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျင်းပတာပါ "ဟု ၎င်းက ပြောသည်။
ပြိုင်ပွဲတွင် စက်ဘီးသတ်မှတ်ချက်အနေဖြင့် ဂီယာမပါသော ရိုးရိုးမိန်းမစီး စက်ဘီးစီးများဖြင့်သာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ပြုခဲ့ကြောင်းနှင့် ပြိုင်ပွဲတွင် မိန်းကလေးအတန်းနှင့် ယောကျာ်းလေးအတန်းဟူ၍ နှစ်တန်းခွဲခြားထားပြီး ပြိုင်ပွဲလမ်းကြောင်း အနေဖြင့် စစ်ကိုင်းမြို့ ရွှေမင်းဝံပန်းခြံရှေ့မှ ကမ်းနားလမ်း၊ သာစည်ရပ်ကွက် ထို့မှတစ်ဆင့် စစ်ကိုင်းတောင်ရိုးလမ်း ၊ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်လမ်းကြားမှ ဇေယျာကွက်သစ်ရပ်၊ ရွှေမင်းဝံရပ်ကွက်၊ ရွာထောင်ရပ်ကွက်တို့ကို ဖြတ်သန်းစီးနင်းပြီး ပါရမီရပ်ကွက်ရှိ နှစ် ၇၀ဝ ဘောလုံးကွင်းတွင် ပန်းဝင်ရကြောင်း စစ်ကိုင်းစက်ဘီးစီးအဖွဲ့ CAS (Cycling Association Of Sagaing )မှ သိရသည်။
''ပြိုင်ပွဲဖြစ်တဲ့အတွက် စက်ဘီးကို သတ်မှတ်ထားတယ်၊ လူတန်းစာပေါင်းစုံ ပါဝင်လို့ရအောင် စက်ဘီးက မိန်းကလေးစီး ရိုးရိုးစက်ဘီးဖြစ်ရမယ် ဂီယာမပါရဘူး၊Mountaing ဘီးသီးသန့် ခွဲလိုက်ရင် လူတိုင်းပါလို့ မရတော့ဘူး''ဟု စစ်ကိုင်းစက်ဘီးစီးအဖွဲ့ CAS (Cycling Association Of Sagaing ) ဥက္ကဋ္ဌ ဦးထွန်းထွန်းဦး ကပြောသည်။
ဆုကြေးများအနေဖြင့် အတန်းနှစ်တန်းလုံးတွင် ပထမဆုမှ ဒသမဆုထိ ဆုချီးမြှင့်ပေးအပ်ခဲ့ပြီး ပထမဆုအနေဖြင့် ငွေကျပ် တစ်သိန်း၊ ဒုတိယ ငွေကျပ် ခုနှစ်သောင်း၊ တတိယဆုငွေကျပ် ၅ သောင်း၊ စတုတ္ထဆု ငွေကျပ်သုံးသောင်း၊ပဉ္စမဆု ငွေကျပ် ၂ သောင်း နှင့် ဆဋ္ဌမဆုမှ ဒသမဆုရရှိသူများကို ငွေကျပ် တစ်သောင်း ဆုချီးမြှင့်ပေးအပ်ခဲ့သည့်အပြင် အမှတ်တရလည်ဆွဲ ဆွဲကြိုးများကိုလည်း ပေးအပ်ခဲ့ကြောင်း သိရသည်။
လူအောင်(ကသာ)


