စစ်ကိုင်း ၂၂ ဇွန်
   

စစ်ကိုင်းမြို့တွင် ပထမဆုံးအဖြစ် လမ်းသွား၊ လမ်းလာခရီးသွားများ အဆာပြေ စားသုံးနိုင်ရန်အတွက် မုန့်မျိုးစုံနှင့်အချိုရည်ဗူးများ ပါဝင်သည့် Food Box  ကို ဇွန် ၂၂ ရက်က စတင်ထားရှိခဲ့ကြောင်း ဦးစီးဆောင်ရွက်သူများထံမှ သိရသည်။


အဆိုပါ Food Box ကို စစ်ကိုင်းမြို့ခံ လူငယ်များက ဦးစီး၍ စေတနာရှင်၊ အလှူရှင်များဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်းနှင့် Food Box ကို စစ်ကိုင်းမြို့ကမ်းနားလမ်းရှိ ဆက်သွယ်ရေး ရုံးနားတွင် ထားရှိထားကြောင်း ဦးစီးဆောင်ရွက်ပြုလုပ်သူအဖွဲ့မှ ကိုပိုင်ဖြိုးသူ က ပြောသည်။


''အခုက Food box ကို အခြားမြို့တွေမှာလုပ်နေပြီး၊ ရှေးက လုပ်ခဲ့တဲ့သူတွေ လုပ်တာကို သဘောကျလို့ လုပ်ဖြစ်တာပါ။ လူတွေကို စည်းကမ်းရှိစေချင်တယ်။ ကိုယ်ချင်းစာစိတ် ရှိစေချင်တယ်။ အလှူရှင်ရှိရင်လည်းရှိပေါ့။ မရှိရင်လည်း ကျွန်တော်တို့သူငယ်ချင်းတွေစုပြီး လိုအပ်တာတွေ ဝယ်ထည့်ရမှာပါ။ ကျွန်တော်တို့ ဒါကိုရေရှည် လုပ်နိုင်အောင်တော့ ကြိုးစားသွားမယ်။'' ဟု ၎င်းက ပြောသည်။


မြန်မာနိုင်ငံ၏ ပထမဆုံး Food box ကို မန္တလေးမြို့၊ ဝမ်းတူဝမ်းပြည်သူကူညီရေးအဖွဲ့မှ ကိုဝမ်းက ကျူံးအရှေ့ဘက်  ၆၆ လမ်း၊ ၂၂ လမ်းနဲ့  ၂၃ လမ်းကြားတွင် ဇွန် ၁၀ ရက်မှ စတင်ထားရှိခဲ့ကြောင်း၊


လက်ရှိတွင် Food Box များကို မော်လမြိုင်၊ ထားဝယ်၊ မြင်းခြံ၊ မိတ္တီလာစသည့် မြို့များတွင်ထားရှိလာပြီဖြစ်ကြောင်းနှင့်  မန္တလေးတွင် ဒုတိယနေရာအဖြစ်   Food Box  ကို ၆၈ လမ်း၊  လမ်း ၃၀ နှင့် ၃၂ လမ်းကြားတွင် ထားရှိခဲ့ကြောင်း သိရသည်။


ခိုင်ဇေယျ(075)