စစ်ကိုင်း ၂၅ သြဂုတ် 

စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက်အတွင်း အသစ်တည်ဆောက်ခဲ့သည့် ရွှေမင်းဝံ အဆင့်မြှင့်နှစ်ထပ်ဈေးသစ်ကြီး ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

“အရင်က စစ်ကိုင်းမြို့သူ၊ မြို့သားတွေဟာ စစ်ကိုင်းမြို့မဈေးကြီးတစ်ခုမှာပဲ အားကိုးနေရပါတယ်။ တိုးတက်များပြားလာတဲ့ လူဦးရေကြောင့် ရွှေမင်းဝံပျံကျဈေးကို အဆင့်မြှင့်တင်ပြီး နှစ်ထပ်ဈေးကြီးအဖြစ် တည်ဆောက်ခဲ့ပါတယ်။ ခုဆို စစ်ကိုင်းမြို့မှာ ဈေးနှစ်ဈေးဖြစ်တော့မှာပါ”ဟု ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ပြောသည်။

အဆိုပါ ရွှေမင်းဝံ အဆင့်မြှင့်နှစ်ထပ်ဈေးသစ်ကြီးကို အမေ့နန်းတော် ကုမ္ပဏီမီက တာဝန်ယူ တည်ဆောက်ခဲ့ပြီး ငွေကျပ်သိန်း (၁၄၁၁၀) ကုန်ကျခဲ့ကြောင်း စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းနိုင်က ပြောသည်။

အသစ်ဆောက်လုပ်ခဲ့သည့် ရွှေမင်းဝံ အဆင့်မြှင့်နှစ်ထပ်ဈေးသစ်ကြီး ပုံသဏ္ဌာန်မှာ "U" ပုံသဏ္ဍန် ရှိမည်ဖြစ်ပြီး ဆိုင်ခန်း ၂၂၂ ခန်း ပါဝင်ကာ ဈေးနှုန်းများအနေဖြင့် ကျပ်သိန်း (၂၀ဝ)၊ (၁၅၀)၊ (၇၅)သိန်းနှင့် အမိုးပါအကာမဲ့ ဆိုင်ခန်းတစ်ခန်းလျှင် ငွေကျပ် ၁၅ သိန်းတို့ဖြင့် ရောင်းချပေးခဲ့ကြောင်း၊ ရောင်းချရာတွင်လည်း လက်ရှိရောင်းချနေသည့်  ဈေးသည်များကို ဦးစားပေး အရစ်ကျစနစ်ဖြင့် ရောင်းချပေးခဲ့ကြောင်း စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေးကော်မတီထံက သိရသည်။

ခိုင်ဇေယျ(ဝ၇၅)