နေပြည်တော် နိုဝင်ဘာ ၁၆

စစ်ကိုင်းပညာရေးတက္ကသိုလ်၏(၃၁)နှစ်မြောက်၊ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် စာတမ်းဖတ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင်ဘွဲ့နှင်း သဘင်ခန်းမ၌ ကျင်းပသည်။

ဉီးစွာ အခမ်းအနားကို စစ်ကိုင်းခရိုင်စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဌ၊ စစ်ကိုင်းပညာရေး တက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(စီမံ)နှင့် ဒုတိယပါမောက္ခ ချုပ်(သင်တန်း) တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံ ပညာရှင်များအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်ကျော်၊ ဝိဇ္ဇာနှင့်သိပ္ပံ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ်များမှ ကျောင်းအုပ်ကြီး များ၊ DAAD, DIES မှ ကျွမ်းကျင်ပညာရှင် Dr Maria Flordeliza,Vice President and Dean of Studies of  Centro Escolar University Malolos, Philippines တို့က Online ဖြင့် တက်ရောက်ခဲ့ပြီး စစ်ကိုင်းခရိုင်စီမံခန့်ခွဲရေး အဖွဲ့ဥက္ကဌ၊ ခရိုင်အဆင့်ဌာန ဆိုင်ရာ အကြီးအကဲများ၊ မြို့မိမြို့ဖများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ သင်ကြား/စီမံအရာရှိများ၊ စာတမ်းရှင်များ၊ ဆရာ၊ ဆရာမများနှင့် ပညာရေးဘွဲ့လွန် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီးဒေါက်တာဇော်မြင့်က စစ်ကိုင်းပညာရေး တက္ကသိုလ်၏ (၃၁)နှစ်မြောက် သုတေသနစာတမ်းဖတ်ပွဲတွင် ပညာရေးဘာသာရပ်များမှ စာတမ်း(၂၁)စောင်၊ ဝိဇ္ဇာဘာသာရပ်များမှ စာတမ်း(၆)စောင်၊ သိပ္ပံဘာသာရပ်များမှ စာတမ်း(၅၀)စောင် စုစုပေါင်း(၇၇)စောင် ဖတ်ကြားမည်ဖြစ်၍ စာတမ်းဖတ်ကြားမည့် စာတမ်းရှင် ဆရာ၊ ဆရာမများအားလုံးအတွက် ဝမ်းမြောက်ဂုဏ်ယူပါ ကြောင်း၊ ဆရာ၊ ဆရာမများအားလုံး သုတေသနစာတမ်းများ စဉ်ဆက် မပြတ် ဆောင်ရွက်ကြရန်၊ ပညာရပ်ဆိုင်ရာ အကျိုးပြု၊ ဒေသအကျိုးပြု၊ နိုင်ငံအကျိုး ပြုသုတေသနများ ပေါ်ထွက်လာရေးအတွက် ကြိုးစားဆောင်ရွက်ကြပြီး ပြည်တွင်း၊ ပြည်ပသုတေသနစာတမ်းဖတ်ပွဲများတွင် ပါဝင်ဖတ်ကြားနိုင်အောင် ဆောင်ရွက်ကြရန်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ပါမောက္ခချုပ်၊ ဒေါက်တာမြတ်မြတ်သော်က နှုတ်ခွန်းဆက် အမှာစကားပြောကြားသည်။ 

ယင်းနောက် DAAD, DIES မှ ကျွမ်းကျင်ပညာရှင် Dr Maria Flordeliza,Vice President and Dean of Studies of  Centro Escolar University Malolos, Philippines က သုတေသနသည် တက္ကသိုလ် ဆရာ၊ ဆရာမများအတွက် မရှိမဖြစ် ဆောင်ရွက် သင့်ကြောင်း၊ (၃၁)နှစ်မြောက် တက္ကသိုလ် နှစ်ပတ်လည်နေ့ အထိမ်း အမှတ် သုတေသနစာတမ်းဖတ်ပွဲ ကျင်းပပြုလုပ်သော စစ်ကိုင်းပညာရေးတက္ကသိုလ် အတွက် လွန်စွာဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားသည်။ 

အဆိုပါ သုတေသနစာတမ်းဖတ်ပွဲကို နိုဝင်ဘာ ၁၈ ရက်အထိ (၃)ရက်တိတိ ကျင်းပသွားမည် ဖြစ်ပြီး ဤတက္ကသိုလ်မှ စာတမ်းဖတ်ကြားသူ(၅၃)ဦးနှင့် အခြားတက္ကသိုလ်များမှ စာတမ်းဖတ်ကြားသူ(၂၄) ဦး စုစုပေါင်း (၇၇)ဦးရှိကြောင်း သိရသည်။

သတင်းစဉ်