စစ်ကိုင်း  ၁၀  မေ 

 

စစ်ကိုင်းတောင်ရိုး၊ဆွမ်းဦးပုညရှင်စေတီတော်၏ ရင်ပြင်တော်များကို တိုးချဲ့၍ မှန်သားခင်း (View Point)ပြုလုပ်ရန် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ စီစဉ်ဆောင်ရွက်နေကြောင်း ဆွမ်းဦးပုညရှင် ဘုရားဂေါပကအဖွဲ့မှ သိရသည်။

 

ထို့သို့  ရင်ပြင်တော်များကို တိုးချဲ့၍ မှန်သားခင်း (View Point)ပြုလုပ်ရန် အတွက် မေလ ၈ ရက်နေ့ နံနက်ပိုင်းအချိန်က စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်၊ စစ်ကိုင်းခရိုင် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင်၊ ဘုရားဂေါပကအဖွဲ့ဝင်များသည် တရုတ်နိုင်ငံမှ ပညာရှင်များနှင့်အတူ လာရောက်ကွင်းဆင်း ကြည့်ရှုတိုင်းတာမှုများ ပြုလုပ်သွားကြောင်း ဆွမ်းဦးပုညရှင် ဘုရားဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးဝင်းက ပြောသည်။

 

''မနေ့က တရုတ်နိုင်ငံက မှန်သားခင်း (View Point) ပြုလုပ်မယ့် ပညာရှင်အဖွဲ့နဲ့ ဝန်ကြီးချုပ်တို့ လာရောက်ကြည့်ရှုပြီးနေရာရွေးသွားတယ်။

 

ဆွမ်းဦးပုညရှင် အရှေ့ဘက်နဲ့ အနောက်ဘက် ရင်ပြင်ကို ရွေးသွားတယ်။ တစ်ဖက်ကို ပေ (၁၀ဝ)လောက် မှန်ပြင် ထုတ်မယ်လို့ ပြောသွားတယ်။ ကျွန်တော်တို့ဘက်က ဘာလုပ်ပေးရမလဲ ဆိုရင် သြဝါဒစရိယဆရာတော်ဘုရားကြီးတွေရဲ့ ခွင့်ပြုချက်ယူရဦးမယ်။ ဆရာတော်ဘုရားကြီးတွေက ခွင့်ပြုတယ်ဆိုရင်တော့ တိုင်းဒေသကြီးအစိုးရအဖွဲ့က ဆက်လက်ဆောင်ရွက်မှာပေါ့။ ဒါပေမဲ့ အကျိုးအမြတ် ဘယ်လို ပူးပေါင်းလုပ်မယ်ဆိုတာကတော့ ကျွန်တော်တို့ မသိရသေးဘူး "ဟု ၎င်းကပြောသည်။

 

မေ ၈ ရက်နေ့ နံနက်ပိုင်းအချိန်က တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒေသအာဏာပိုင်များ၊ တရုတ်နိုင်ငံမှ ပညာရှင်များ လာရောက်ကြည့်ရူ့ နေရာရွေးချယ်သွားပြီးနောက်  ညနေပိုင်းအချိန်တွင် တရုတ်နိုင်ငံမှ ပညာရှင်များက ဒီဇိုင်းပုံထုတ်လုပ်ပြသရန် လာရောက်တိုင်တာမှုများ ပြုလုပ်သွားကြောင်း၊ယင်း ဒီဇိုင်းပုံထွက်ရှိလာပြီးမှ    သြဝါဒစရိယဆရာတော်ဘုရားကြီးများထံ ဒီဇိုင်းပုံကို တင်ပြလျောက်ထ ားသွားမည်ဖြစ်ကြောင်း ဆွမ်းဦးပုညရှင် ဘုရားဂေါပကအဖွဲ့ထံမှသိရသည်။

 

''ခုလောလောဆယ်က ဒီလို မှန်သားရင်ပြင်က ဇွဲကပင်မှာပဲ ရှိသေးတယ်။ အခြားနေရာတွေ မရှိသေးဘူး။ စစ်ကိုင်းတောင်အနေနဲ့ ပထမဦးဆုံး စလုပ်လက်မယ်ဆိုရင်ရော ပြည်တွင်း၊ ပြည်ပခရီးသွားတွေ ပိုများလာမယ်လို့ ခန့်မှန်းတယ်။ အလုပ်အကိုင်တွေလည်း ပွင့်လန်းလာမယ်။''ဟု ဆွမ်းဦးပုညရှင် ဘုရားဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးဝင်းက ပြောသည်။

 

ဆွမ်းဦးပုညရှင်စေတီ၏ အရှေ့ဘက် ရင်ပြင်တော်တိုးချဲ့၍ မှန်သားခင်း (View Point)ပြုလုပ်မည်ဆိုပါက မန္တလေး view point နှင့် ဧရာဝတီမြစ် ရှုခင်း၊ စစ်ကိုင်းတောင် မြောက်ဘက်ခြမ်း၊ အရှေ့ဘက်ခြမ်းတို့၏ ရှုခင်းများကို မြင်တွေ့ရမည်ဖြစ်ကြောင်း၊ ဆွမ်းဦးပုညရှင်စေတီ၏ အရှေ့ဘက် ရင်ပြင်တော်တိုးချဲ့၍ မှန်သားခင်း (View Point) ပြုလုပ်မည်ဆိုပါက အင်းဝတံတား(စစ်ကိုင်း)၊ ဧရာဝတီတံတား(ရတနာပုံ)နှစ်စင်း၏ ရှုခင်း၊ စစ်ကိုင်းမြို့ ရှုခင်း၊ ကောင်းမှုတော်နှင့် နေဝင်ဆည်းဆာ အလှတို့ကို ကြည့်ရှုခံစားလို့ ရရှိမည် ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။
အဆိုပါ မှန်သားခင်း (View Point) ပြုလုပ်ရာတွင် တောင်နံရံ အောက်ခြေရှိ  သာသနိက အဆောက်အအုံများ လွတ်ကင်းမှုရှိရန်လိုကြောင်းနှင့် အန္တရာယ်မဖြစ်ရန် အထူးလိုအပ်ကြောင်း၊ ဆွမ်းဦးပုညရှင်စေတီ၏ ရင်ပြင်တော်တိုးချဲ့၍ မှန်သားခင်း (View Point) ပြုလုပ်ခွင့်ရရှိပါက အထက်မြန်မာပြည်တွင် ပထမဦးဆုံး ဖြစ်လာမည့် မှန်သားခင်း (View Point) ဖြစ်မည်ဖြစ်ကြောင်း သိရသည်။

 

စစ်ကိုင်းတောင်၊ဆွမ်းဦးပုညရှင်စေတီတော်သို့ ဘုရားဖူးခရီးသွားရာသီတွင် လာရောက်သည့် ခရီးသွား ဧည်သည်မှာ နေ့စဉ် ပြည်တွင်းခရီးသွား ၅၀ဝ၀ နှင့် ၁၀ဝ၀ဝ ကြားရှိပြီး ပြည်ပခရီးသွားမှာ နေ့စဉ် ဦးရေ  ၃၀ဝ ကျော်လာရောက်ကြာကြောင်း  ဘုရားဂေါပကအဖွဲ့ထံက သိရသည်။
မြန်မာနိုုင်ငံတွင် ပထမဦးဆုံး မှန်သားရင်ပြင်အဖြစ် ကရင်ပြည်နယ်၊ ဇွဲကပင်ဆံတော်ရှင်စေတီ၏ တိုးချဲ့ရင်ပြင်တော်မှန်သားခင်း (View Point )ကို  ဖွင့်ပွဲကို ယခုလ ၇ ရက်နေ့ နံနက်ပိုင်းအချိန်တွင် ဇွဲကပင်ဆံတော်ရှင် စေတီ၊ တောင်ပေါ်ကျောင်းဆုတောင်းပြည့်စေတီ တော်အာရုံခံတန်ဆောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။       

 

ကိုမင်း(အင်းတော်)