မုံရွာ၊ မတ် ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ၂၀၂၄ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်အပ်နှင်းပွဲ မင်္ဂလာအခမ်းအနားကို မတ်လ ၂၄ ရက်၊ မွန်းလွဲပိုင်းတွင် စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး၊ ဆွမ်းဦးပုညရှင်သာသနာ့ဗိမာန်တော်၌ ကျင်းပသည်။

အခမ်းအနားသို့ ပင့်သံဃာတော်များ၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီးများ ကြွရောက်တော်မူကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ၊ မြို့မိမြို့ဖများနှင့် အလှူရှင်များ တက်ရောက် ကြည်ညို ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက နမောတဿ ၃ ကြိမ် ရွတ်ဆိုဘုရားကန့်တော့၍ အခမ်းအနားကို ဖွင့်လှစ်ကြပြီး တိုင်းဒေသကြီး သာသနာရေးမှူးက အခမ်းအနားဖွင့် စာတမ်းအား ဖတ်ကြားလျှောက်ထားသည်။

ထို့နောက် နိုင်ငံတော်သြဝါဒါစရိယ၊ အဘိဓဇမဟာရဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက၊ သောဠသမရွှေကျင်သာသနာပိုင်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိဆရာတော်၊ ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ယင်းနောက် မဟာဂန္ထဝါစကပဏ္ဍိတဘွဲ့ဆိပ်တော်ရ စစ်ကိုင်းမြို့၊ မင်းကွန်းတောင်ရိုး၊ နဂါးပတ်တောင်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တတိသာသနက သမ္မောဒနီယ ဩဝါကထာမြွတ်ကြား ချီးမြင့်တော်မူပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။

ဆက်လက်၍ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများ၊ သီလရှင်ဆရာကြီးများနှင့် လူပုဂ္ဂိုလ်တို့အား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ဘွဲ့တံဆိပ်တော်များနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် ချီးမြှင့်အပ်နှင်းခဲ့ကြပြီး အခမ်းအနားသို့ တက်ရောက်လာသည့် ပင့်သံဃာတော်များအား တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။  

ထို့နောက်သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက အနုမောဒနာတရား နာယူကြည်ညိုပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ “ ဗုဒ္ဓသာသနံ စိရံ တိဌတု ”သုံးကြိမ်ရွတ် ဆိုဆုတောင်း၍ အခမ်းအနား ကို ရုပ်သိမ်းသည်။

ယင်းနောက် ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီးများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖ များနှင့် အလှူရှင်များက ဆွမ်းဆန်စိမ်းများ လောင်းလှူကြသည်။

သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်အပ်နှင်းပွဲ မင်္ဂလာ အခမ်းအနားတွင် ဘွဲ့တံဆိပ်တော်ရ ဆရာတော် ၁၉ ပါး၊ ဘွဲ့တံဆိပ်တော်ရ သီလရှင်ဆရာကြီး ၈ ပါးနှင့် လူပုဂ္ဂိုလ် အမျိုးသမီး ၁ ဦးတို့အား ဆက်ကပ်ချီးမြှင့်အပ်နှင်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်