မုံရွာ ၂၇ မေ
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်သည် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး၊ ရှမ်းတိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း / ခရိုင် / မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါလျက် မေလ(၂၆)ရက်နေ့ နံနက်(၈)နာရီက ဟုမ္မလင်းမြို့နယ် နမ့်ပဂွန်တံတားနှင့် နမ့်စပိတံတား ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးမှ ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။

ထို့နောက် ဝန်ကြီးချုပ်နှင့် အဖွဲ့သည် နမ့်ပဂွန်တံတားအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ကမ္ဗည်းကျောက်စာတိုင်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးကာ အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းခဲ့သည်။ အလားတူ နမ့်စပိတံတားအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ကမ္ဗည်းကျောက်စာတိုင်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကာ အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းခဲ့သည်။
နမ့်ပဂွန်တံတားသည် သက္ကယ်ကျင်း- ဖောင်းပြင်- ဟုမ္မလင်း- ခန္တီးလမ်းပေါ်တွင် တည်ရှိပြီး တံတားအရှည် (၇၀၈.၆၉၆ပေ)၊ တံတား အမျိုးအစားမှာ အပေါ်ထည် သံကူကွန်ကရစ် ယက်မ အမျိုးအစားဖြစ်ပြီး ယာဉ်သွားလမ်း အကျယ်(၂၄ပေ)၊ ယာဉ်တစ်စီးချင်း ခွင့်ပြုအလေးချိန်မှာ တန်(၆၀)ဖြစ်ပါသည်။
နမ့်စပိတံတားသည် သက္ကယ်ကျင်း- ဖောင်းပြင်- ဟုမ္မလင်း- ခန္တီးလမ်းပေါ်တွင် တည်ရှိပြီး တံတားအရှည် (၄၂၀ပေ)၊ တံတား အမျိုးအစားမှာ အပေါ်ထည် သံကူကွန်ကရစ်ယက်မ အမျိုးအစားဖြစ်ပြီး ယာဉ်သွားလမ်း အကျယ်(၂၄ပေ)၊ ယာဉ်တစ်စီးချင်း ခွင့်ပြုအလေးချိန်မှာ တန်(၆၀)ဖြစ်ပါသည်။
ယင်းနောက် ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဟုမ္မလင်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သော ဟုမ္မလင်းမြို့ ဝိဇ္ဇာ/သိပ္ပံ ဘာသာရပ်သင် ကောလိပ် တည်ဆောက်နေမှု အခြေအနေနှင့် ဟုမ္မလင်းမြို့ စိုက်ပျိုးရေးသိပ္ပံကျောင်း တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။ ဆက်လက်၍ ဟုမ္မလင်းမြို့မှ တမူးမြို့သို့ ကက်သာ- အောင်ဇေယျလမ်းအတိုင်း ထွက်ခွာလာကာ တမူးမြို့နယ်အတွင်း လမ်းဖောက်လုပ်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ကက်သာ- အောင်ဇေယျ လမ်းပေါ်ရှိ နန့်အယားချောင်းတံတား တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် တမူးမြို့မှ ကလေးမြို့သို့ ဆက်လက်ထွက်ခွာလာရာ တမူး- ကလေးဝလမ်းပေါ်ရှိ ဘေလီတံတား ကြမ်းခင်းများ ပြန်လည်ပြုပြင်နိုင်ရေး သက်ဆိုင်ရာ တာဝန်ရှိသူများအား လမ်းညွှန်မှာ ကြားခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ ကလေးမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို KFW အကူအညီဖြင့် ဒိုးဝိုင်းချောင်း- ရာဇဂြိုဟ် ကျေးလက်လမ်း ဖောက်လုပ်ထားရှိမှု အခြေအနေနှင့် အဆိုပါလမ်းပေါ်ရှိ တံတားတည်ဆောက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ထွန်းကိုကို(ယင်းမာပင်)