ကသာ ၂၈ သြဂုတ်
၂၀၁၉ ခုနှစ် ဇူလိုင်လအတွင်း ဧရာဝတီမြစ်ရေတက်မှုကြောင့် ကမ်းပြိုပြောင်း ရွှေ့ခဲ့ရသော အိမ်ခြေ (၅၅)လုံးအတွက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့ငွေများ ထောက်ပံ့ခြင်းကို ယနေ့နံနက် ၉နာရီက ကသာမြို့နယ် ပုလွှေရွှေအုပ်စု ရေလယ်ကျွန်း ကျေးရွာသို့ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီထွန်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌ ဦးကျော်သူ က ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား ခဲ့သည်။
ဆက်လက်၍ ရေလယ်ကျွန်းကျေးရွာနေ ပြည်သူများအား သက်ဆိုင်ရာ တာဝန်ရှိသူများက ပညာရေး၊ ကျန်းမာရေး၊ သောက်သုံး ရေ ရရှိရေး တို့အတွက် ဆောင်ရွက်ပေးနိုင်မှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကမ်းပြိုပြောင်းရွှေ့ခဲ့ရသော အိမ်ခြေ (၅၅)လုံးအတွက် အိမ် (၁)လုံးလျှင် ငွေကျပ်(၁)သိန်းနှုန်းဖြင့် စုစုပေါင်း (၅၅)သိန်းအား သက်ဆိုင်ရာ တာဝန်ရှိသူများက ကျေးရွာသူ/ကျေးရွာသားများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သောက်ရေကန်များပြုလုပ်ရန်အတွက် မိုးကာစများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဟန်မျိုးကျော် (ကသာ)


