နေပြည်တော် ၈ စက်တင်ဘာ
သဖန်းဆိပ်ဆည်၏ ယခုနှစ် မိုးစပါးအောင်ရေပေးဝေနိုင်မည့် အခြေအနေနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လယ်ယာ၊ ကျေးလက်နှင့် သမဝါယမကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းကိစ္စရပ်များ ဆောင်ရွက်ရန် စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်မှု စီမံကြီးကြပ်ရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက Video Conferencing စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနများမှ တိုင်းဒေသကြီးအဆင့် တာဝန်ရှိသူများနှင့် သုတေသန ပညာရှင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် စီမံကြီးကြပ်ရေးအဖွဲ့ဝင်များ ပါဝင်ဆွေးနွေးကြသည်။
လက်ရှိတွင် သဖန်းဆိပ်ဆည်၌ ရေသိုလှောင်ပမာဏ ပေ (၅၇၀၀၀၀)ဧကရှိပြီး ယမန်နှစ်က တစ်နေ့ပျမ်းမျှဝင်ရေ ဧကပေ(၉၀၀၀)ရှိခဲ့သော်လည်း ယခုနှစ် တစ်နေ့ပျမ်းမျှဝင်ရေ ဧကပေ (၃၈၈၉)ခန့်သာရှိသဖြင့် ဝင်ရေသိသာစွာ လျော့ကျလာလျက်ရှိကြောင်း၊ ဖြည့်စွက်ရေနှင့် အောင်ရေများကို ချွေတာသုံးစွဲနိုင်မှသာ လျာထားဧက (၄၂၀၀၀၀) ပြည့်မီနိုင်မည် ဖြစ်ကြောင်း၊ ရွှေဘိုခရိုင်တွင် မိုးစပါးဧက (၆၇၀၀၀၀)ကျော် လျာထားပြီး ဧက (၄၂၀၀၀၀)ကျော် စိုက်ပျိုးပြီးဖြစ်၍ ဧက (၂၅၀၀၀၀)ကျော် စိုက်ပျိုးရန် ကျန်ရှိနေကြောင်း၊ မိုးကောင်းသောက်အနေဖြင့် မိုးစပါးဧက(၁၅၀၀၀၀)ကျော် စိုက်ပျိုးပြီး ဖြစ်သည့်အတွက် ဧက (၁၀၀၀၀၀)ကျော် ကျန်ရှိကြောင်း၊ ဆည်ရေသောက်စိုက် ဧရိယာအနေဖြင့် မိုးစပါးဧက (၃၉၀၀၀၀)ကျော်လျာထားပြီး ဧက (၂၅၀၀၀၀)ကျော် စိုက်ပျိုးပြီး ဖြစ်သည့်အတွက် ဧက (၁၃၀၀၀၀) ကျော် စိုက်ပျိုးရန် ကျန်ရှိကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၌ မိုးသီးနှံစိုက်ဧက (၅၃၁၅၉၇၉) ဧကနှင့် ဆောင်သီးနှံ (၄၃၇၂၃၉၇) ဧကစိုက်ပျိုးမည်ဖြစ်၍ သီးနှံစုံစုစုပေါင်း (၉၆၈၈၃၇၆) ဧက စိုက်ပျိုးထုတ်လုပ်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း၊ CERP အရ မိုးစပါး မျိူးစေ့ထုတ်ဧရိယာ (၁၇၆၃၈)ဧက စိုက်ပျိုးပြီးစီး၍ လျာထားချက် (၁၈၂၀၅)ဧကပြည့်မီရန် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ကျန်ရှိ မိုးစပါးမျိူးစေ့ထုတ်ဧရိယာ (၅၆၇)ဧက စိုက်ပျိုးရန် ပျိုးထောင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီး ဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် သဖန်းဆိပ်ဆည်ရေကို အဓိကအားထားနေရလျက်ရှိရာ လက်ရှိသက်ရောက်လာသည့် ရာသီဥတုအခြေအနေများအရ စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများ ထိခိုက်မှုမရှိစေရေးအတွက် မြို့နယ်အလိုက် စိုက်ပျိုးရေ ချွေတာသုံးစွဲရန် Water User Group များနှင့် ပူးပေါင်း၍ တစ်ရွာချင်း ပညာပေး ဟောပြောဆွေးနွေးခြင်း၊ စိုတလှည့် ခြောက်တခါနည်းစနစ်ဖြင့် စိုက်ပျိုးကြရန် တောင်သူများအား အသိပေး စည်းရုံးဟောပြောခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။
ညီညီသန်း (နေပြည်တော်)


