ပုလဲ ၃၁ သြဂုတ်
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်သည် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ထက်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ သြဂုတ် ၃၀ ရက်က ပုလဲမြို့နယ် ပုံတောင်ဒေသရှိ ဇီးပင်စခန်း၊ ဝမ်းပြင်ကျေးရွာ၊ ရေကြောကျေးရွာ၊ ထန်းခင်းကြီးကျေးရွာ လယ်ဓမ္မကျေးရွာနှင့် ငါးတွင်းတောတိုက်သို့ ကွင်းဆင်းခဲ့ပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဒေသခံပြည်သူများနှင့်တွေ့ဆုံရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်က တိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးနေသည့် လုပ်ငန်းစဉ်များကိုလည်းကောင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ထက်၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မင်းဦးနှင့် ဌာနဆိုင်ရာများက မြို့နယ်အတွင်းရှိ ကျေးရွာများဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲများတွင် ဒေသခံပြည်သူများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းအတွက် လိုအပ်ချက်များကို တင်ပြဆွေးနွေးရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ထက်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်သည့် လုပ်ငန်းကဏ္ဍအလိုက် ဆောင်ရွက်ပေးမည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းဖြေကြားခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်က အခြေခံပညာကျောင်းများအတွက် ကျောင်းသုံး ဗလာစာအုပ်များနှင့် စာရေးကိရိယာများ၊ အားကစားပစ္စည်းများနှင့် ကျောင်းတွင်း သန့်ရှင်းသာယာလှပရေး လုပ်ငန်း ဆောင်ရွက်နိုင်ရန်အတွက် ပေါက်ပြားနှင့် ဓားများကိုလည်းကောင်း၊ ငါးတွင်းတောတိုက်အတွက် သောက်သုံးရေ ရရှိရေးလုပ်ငန်း ဆောင်ရွက်နိုင်ရန် ထောက်ပံ့ငွေကျပ် ၂ သိန်းကိုလည်းကောင်း ပေးအပ်လှူဒါန်းခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ထက်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ပုလဲမြို့နယ်၊ ရေကြောကျေးရွာ၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ အသေးစား ဓာတ်အားပေး ဆိုလာစနစ် (Solar Mini Grid) စီမံကိန်းအရ မန္တလေးရိုးမကုမ္ပဏီက တာဝန်ဆောင်ရွက်လျက်ရှိသည့် လျှပ်စစ်မီးလင်းရေး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များနှင့် ပတ်သတ်၍ မန္တလေးရိုးမကုမ္ပဏီမှ တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။
MDN


