နေပြည်တော်၊ ဇွန် ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ငွေကျပ် ၂ ဒသမ ၇၅ ဘီလီယံတန်ဖိုးရှိဘိန်းဖြူ ၅၅ ကီလို ဖမ်းဆီး ရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှသိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် မေ ၃၁ ရက် ညနေ ၅ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ကွန်ပျူတာတက္ကသိုလ်ရှေ့၊ ကလေး-ကလေးဝသွား ကားလမ်းတွင် ဝင်းအောင်ထွန်း မောင်းနှင်ပြီး တင်မောင်လှ လိုက်ပါလာသည့် MITSUBISHI FUSO ၆ ဘီး Container Box မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ပလတ်စတစ်ဆပ်ပြာခွက် ၅,၅၀၀ ဖြင့်ထည့်လျက် ဒေသကာလတန်ဖိုးငွေကျပ် ၂ ဒသမ ၇၅ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ၅၅ ကီလို သိမ်းဆည်း ရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ ဘိန်းဖြူများအား ရှမ်းပြည်နယ်မှ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကလေးမြို့သို့ သယ်ဆောင် ရောင်းဝယ်ခြင်းဖြစ်ကြောင်း၊ သိမ်းဆည်းရမိ ဘိန်းဖြူများ တာဝန်ခံသယ်ဆောင်သူများဖြစ်သည့် သော့နေလွယ်(ခ)ပါးလွယ်နှင့် ဇနီးဖြစ်သူ မအေးအေးမြင့်တို့ အပါအဝင် ဝင်းအောင်ထွန်းနှင့် တင်မောင်လှတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းနှင့် အမှုတွင်ဆက်စပ်ပါဝင်သူများ၏ ငွေကြေးအကျိုး အမြတ်များနှင့် ပိုင်ဆိုင်မှုများကို ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအရ ဆက်လက် အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)