မုံရွာ ၁၆ နိုဝင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီးတစ်ခုလုံးတွင် စိုက်ပျိုးရေးစရိတ်များအဖြစ် တောင်သူများသို့ ထုတ်ချေးပေးထားသော ချေးငွေများထဲမှ ပြန်လည်ပေးဆပ်ရန် ငွေကျပ်(၂၀.၃၃)ဘီလီယံ ကျန်ရှိနေသေးကြောင်း စစ်ကိုင်းတိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တိုင်းဒေသကြီးမန်နေဂျာ ဦးမျိုးမြင့်ဦး၏ ပြောကြားချက်အရ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးရှိ ခရိုင် (၁၁)ခုနှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့ရှိ မြို့နယ်(၃၇)မြို့နယ်တွင် နှစ်စဉ် မိုးသီးနှံ ဧက(၅၃) သိန်းကျော်နှင့် ဆောင်းသီးနှံဧက(၄၃)သိန်းကျော် နှစ်စဉ်သီးနှံစုံ စိုက်ဧက (၉၇)သိန်းကျော် စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ စိုက်ပျိုးရေးစရိတ်ချေးငွေများကို မိုးသီးနှံစိုက်ပျိုးချိန်တွင် တစ်ကြိမ်နှင့် ဆောင်းသီးနှံ စိုက်ပျိုးချိန်တွင် တစ်ကြိမ် ထုတ်ချေးပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ပုံမှန်ဆိုရင်တော့ ပွင့်လင်းရာသီရောက်ချိန်တွေမှ စီမံချက်အတိုင်းအဖွဲ့တွေဖွဲ့ပြီး ကွင်းဆင်းကောက်ခံတာတွေ လုပ်ပေမယ့် အခုနှစ်မှာတော့ Covid-19 ရောဂါဖြစ်နေတဲ့အတွက် ကွင်းဆင်းကောက်ခံမှုတွေ လုပ်ဆောင် မယ် ဆိုရင်တော့ သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ညှိနှိုင်းပြီးမှ ကွင်းဆင်းကောက်ခံသွားမှာ ဖြစ်ပါ တယ်။ စိုက်ပျိုးစရိတ်ချေးငွေတွေကို ၂၀၁၄ ခုနှစ်မိုးရာသီ စိုက်ပျိုးချိန်ကနေ ၂၀၁၉ ခုနှစ် ဆောင်းသီးနှံ စိုက်ပျိုး ချိန်အထိ ထုတ်ချေးပေးတဲ့အထဲကနေ တောင်သူတွေအနေနဲ့ အကြောင်းအမျိုးမျိုးကြောင့်ချေးငွေ ပြန်လည် မပေးဆပ်သေးတာ ဘီလီယံ(၂၀)ကျော်ကျန်သေးတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တိုင်းဒေသကြီး မန်နေဂျာ ဦးမျိုးမြင့်ဦးက ပြောသည်။
၂၀၂၀ ခုနှစ် မိုးသီးနှံစိုက်ပျိုးချိန်တွင် စပါးနှင့် အခြားသီးနှံ စုစုပေါင်းစိုက်ဧက (၁၇၈၇၄၉၉)ဧက အတွက် စိုက်ပျိုးစရိတ် ချေးငွေကျပ်(၂၃၉.၅၆)ဘီလီယံကို တောင်သူ(၃၂၀၃၃၇)ဦးတို့အားလည်းကောင်း၊ Covid 19 အထူး ချေးငွေအဖြစ် စိုက်ဧက(၁၇၉၆၈၉၆)ဧကအတွက် တောင်သူ(၃၁၄၉၀၂)ဦးတို့အား စုစုပေါင်းငွေကျပ်(၈၉.၈၄) ဘီလီယံ ကိုထုတ်ချေးပေးထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီး မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲ၏ မှတ်တမ်းများအရ သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


