မုံရွာ ဒီဇင်ဘာ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ)သို့ ရောက်ရှိ ကာ သတ်မှတ်မဲရုံများ၌ နန္ဒဝန်ရပ်ကွက်ရှိ မဲဆန္ဒရှင်ပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် ဆန္ဒမဲပေးနေမှုများနှင့် မဲဆန္ဒရှင်ပြည်သူများအား သောက်သုံးရေများနှင့် အချိုရည်များ ဝေငှပေးနေမှုကို ကြည့်ရှုအားပေးသည်။
ရင်းရင်းနှီးနှီးနှုတ်ဆက်
ထို့နောက် မုံရွာမြို့ ပြည်သူ့ကစားကွင်း မိုးလုံလေလုံအားကစားခန်းမရှိ မဲရုံများတွင် ရုံးကြီး ရပ်ကွက်ရှိ မဲဆန္ဒရှင်ပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် ဆန္ဒမဲပေးနေမှုများကို လိုက်လံကြည့်ရှုကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးကာ မဲဆန္ဒရှင်ပြည်သူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့ အိုးဘိုတောင်ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ ကွေ့ကြီးရပ်ကွက် အမှတ်(၂၅) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၊ အောင်ချမ်းသာရပ်ကွက် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းတို့ရှိ သတ်မှတ် မဲရုံများတွင် ပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် ဆန္ဒမဲပေးနေမှုကို လိုက်လံကြည့်ရှုပြီး မဲဆန္ဒရှင် ပြည်သူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ကြသည်။
ယမန်နေ့ကလည်း တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများသည် မုံရွာမြို့ ပြည်ထောင်စုလမ်း ရထားသံလမ်းတစ်လျှောက် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုအားပေးကြသည်။
ထို့နောက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများနှင့် ရပ်ကွက်နေ ပြည်သူများအား တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးဆီများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုကို ကြည့်ရှုအားပေးပြီး သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသူများအား နံနက်စာများဖြင့် ဧည့်ခံကျွေးမွေးကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့ ပြည်သူ့အားကစားကွင်း အတွင်း၌ ကျင်းပပြုလုပ်လျက်ရှိသည့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှု အထိမ်းအမှတ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံနှင့် တက္ကသိုလ်/ဒီဂရီကောလိပ် ပေါင်းစုံ ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးကြရာ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန (၂) အသင်းက လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန (၁)အသင်းကို လေးဂိုး-သုံးဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


