ရွှေဘို ၄ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများနှင့် ကျေးလက်နေပြည်သူများ တွေ့ဆုံပွဲကို ယနေ့နံနက် ၉ နာရီက ဝန်းစည်ကျေးရွာအုပ်စု၊ ရေတော်မူကျေးရွာ ဘုန်းကြီးကျောင်းဓမ္မာရုံတွင် တွေ့ဆုံခဲ့သည်။
ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမိုးကျော်သူမှ မိတ်ဆက်စကား ပြောကြားပြီး လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းနှင့် လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းတို့မှ ကျေးရွာများ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသော ကျေးရွာနေပြည်သူများမှ ရပ်ရွာဖွံ့ဖြိုးရေးအတွက် လမ်း၊ တံတားများ၊ လျှပ်စစ်မီးလင်းရေး၊ ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးရေးရရှိရေး စသည့်ကဏ္ဍအသီးသီးမှ အခက်အခဲများကို တင်ပြခဲ့ပြီး တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့သည်။
ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်မှ ကျေးရွာနေပြည်သူများအနေဖြင့် မိမိတို့ကျေးရွာဖွံ့ဖြိုးရေးအတွက် စည်းစည်းလုံးလုံးဖြင့် ဆောင်ရွက်သွားရန် တိုက်တွန်းခဲ့ပြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရေတော်မူကျေးရွာ အ.လ.က(ခွဲ) စာသင်ကျောင်းအတွက် ကျောင်းသုံးဗလာစာအုပ်များနှင့် အားကစားပစ္စည်းများကို ရေတော်မူကျောင်းအုပ်ဆရာမကြီး ဒေါ်နီနီအောင်ထံ ပေးအပ်လှူဒါန်းခဲ့သည်။ အဆိုပါအခမ်းအနားသို့ ရေတော်မူကျေးရွာ၊ သံပုရာခြံနှင့် ဆင်ကျွန်းကျေးရွာတို့မှာ ပြည်သူ(၃၀ဝ)ကျော် တက်ရောက်ခဲ့သည်။
ထွန်းမြင့်အောင် (ရွှေဘို)


