ရွှေဘို ၂၂ ဇွန်
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါ၍ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ် ခွန်တောင်းကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) တွင် ဇွန် ၂၂ ရက် နံနက် ၉ နာရီက ကျင်းပပြုလုပ်သော ကျေးရွာလူထုမှ(၄)ကြိမ်မြောက် လှူဒါန်းသည့် သီရိရတနာ ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့က ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး အမွှေးနံ့သာရည် ပက်ဖျန်းပေးကာ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။
ဆက်လက်၍ သီရိရတနာ ကျောင်းဆောင်သစ် ပေးအပ်ပွဲ အခမ်းအနားကို ပိတောက်ဝါဆောင်တွင် ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က “ယခုကဲ့သို့ ခွန်တောင်းကြီးကျေးရွာ ပြည်သူလူထုရဲ့ ငွေအားလုပ်အားနှင့် ကိုယ်ထူကိုယ်ထ ဆောက်လုပ်လှူဒါန်းပြီး ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ခြင်းဟာ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု သမိုင်းမှတ်တိုင်တစ်ခု ဖြစ်ပါကြောင်း၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေမှာ ပြည်သူတွေ ပါဝင်ရင် အောင်မြင်တဲ့ ရလာဒ်ကို သက်သေပြနေတာ ဖြစ်ပါကြောင်း၊ ကိုယ့်ရွာ ကိုယ့်ကျောင်း ကိုယ့်နိုင်ငံအတွက် အသိရှိရှိ တာဝန်သိသိနဲ့ ဝိုင်းဝန်းကူညီ ပါဝင်လှူဒါန်းတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါကြောင်း” အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ကျောင်းအကျိုးတော်ဆောင် ဦးမျိုးနိုင်က သီရိရတနာ ကျောင်းဆောင်သစ်နှင့် ပတ်သက်သည့် မှတ်တမ်းများအား ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ရာ မြို့နယ်ပညာရေးမှူးက လက်ခံရယူသည်။
ယင်းနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့က ခွန်တောင်းကြီးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) အတွက် ကျောင်းသုံးဗလာစာအုပ်များနှင့် အားကစားပစ္စည်းများအား ထောက်ပံ့ပေးအပ်ပြီး ဘင်ခရာ၊ ပန်းပွားအဖွဲ့များနှင့် စည်တော်ကြီးအကအဖွဲ့တို့အား ဂုဏ်ပြုငွေများချီးမြှင့်ပေးအပ်ခဲ့သည်။
အဆိုပါ သီရိရတနာ ကျောင်းဆောင်သစ်သည် သွပ်မိုးအုတ်ကာသမံတလင်းခင်း တစ်ထပ်ကျောင်းဆောင်ဖြစ်ပြီး ခွန်တောင်းကြီးကျေးရွာလူထုမှ(၄)ကြိမ်မြောက်အဖြစ် စုစုပေါင်းငွေကျပ် (၂၇၀)သိန်း အကုန်ကျခံ ဆောက်လုပ်လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် အဆိုပါကျောင်းတွင် ခွန်တောင်းကြီးကျေးရွာ ဒေသခံပြည်သူလူထုနှင့်တွေ့ဆုံပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး ခွန်တောင်းကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းဆရာတော်ဘုရားထံ သွားရောက်ဖူးမြော် ကြည်ညိုကာ လှူဖွယ်ဝတ္ထုပစ္စည်းများ လှူဒါန်းခဲ့ကြောင်းသိရသည်။
ယင်းနောက် ရွှေဘိုမြို့နယ် စဉ့်တုံကျေးရွာဒေသခံပြည်သူလူထုနှင့်တွေ့ဆုံပွဲကို အခြေခံပညာ မူလတန်းကျောင်းတွင် ကျင်းပရာ အခြေခံပညာကျောင်းဆောင်သစ် တိုးချဲ့ရရှိရေး၊ ကျေးလက်ဆေးပေးခန်း ရရှိရေးကိစ္စရပ်များနှင့် အခက်အခဲများအား ဒေသခံပြည်သူများက တင်ပြကြရာ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ စဉ့်တုံကျေးရွာ အခြေခံမူလတန်းကျောင်းအတွက် ကျောင်းသုံးဗလာစာအုပ်များနှင့် အားကစားပစ္စည်းများအား ထောက်ပံ့ပေးအပ်ပြီး ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
ထွန်းကိုကို(ယင်းမာပင်)