မုံရွာ အောက်တိုဘာ ၅

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ (World Teacher's Day) အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပညာရေးဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “မြတ်ဆရာ” တေးသီချင်းသီဆို၍ အခမ်းအနားအား ဖွင့်လှစ်ကြသည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံမှ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ဖတ်ကြားသည်။

 

ဆက်လက်ပြီး ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့ ၅ ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များမှ ပေးပို့သည့် စုပေါင်းသဝဏ်လွှာအား တိုင်းဒေသကြီး ပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင်လှိုင်က ဖတ်ကြားသည်။

 

ဆက်လက်၍ အသက်(၇၀)နှစ်နှင့်အထက် ဆရာကြီး၊ ဆရာမကြီးများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကန်တော့ငွေနှင့် ပစ္စည်းများအား ပေးအပ်ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ (World Teacher's Day) အထိမ်းအမှတ် တိုင်းဒေသကြီးအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများအား လည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးနှင့် တိုင်းဒေသကြီး ပညာရေးမှူး ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးတင်လှိုင်က တိုင်းဒေသကြီးအဆင့် ကဗျာပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား လည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

 

ယင်းနောက် မုံရွာမြို့၊ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများမှ “ပန်းကလေးများ၏ ဥယျာဉ်မှူး” တေးသီချင်းဖြင့် သီဆိုဖျော်ဖြေပြီး မုံရွာမြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း(အလုံ) Grade–10 မှ မသိမ့်သဉ္ဇာအောင်က “မွန်မြတ်လှပ ဆရာ့ဘဝ” ခေါင်းစဉ်ဖြင့် ဂါရဝပြုပြောကြားသည်။ ဆက်လက်၍ အမှတ်(၂) အခြေခံပညာ အထက်တန်း ကျောင်း(အလုံ)မှ ကျောင်းသား၊ ကျောင်းသူများက “ထာဝရမြန်မာ” တေးသီချင်းဖြင့် သီဆိုဖျော်ဖြေ ကြကာ သီဆိုဖျော်ဖြေပေးသော ကျောင်းသား၊ ကျောင်းသူလေးများအား တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူးက ဂုဏ်ပြုချီးမြင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။

 

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆုရကျောင်းသား၊ ကျောင်းသူများနှင့်အတူ စုပေါင်းမှတ်တမ်း ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးပြီးနောက် ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ (World Teacher's Day) အထိမ်းအမှတ် တိုင်းဒေသကြီးအဆင့် ဆုရ ကဗျာ၊ စာစီစာကုံး ပြခန်းများအား လှည့်လည်ကြည့်ရှု ခဲ့ကြောင်း သိရသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)