မုံရွာ၊ မေ ၂၉

 

နိုင်ငံသားတိုင်းသည် “ဖွဲ့စည်းပုံအခြေခံဥပဒေအား လေးစားရန်နှင့် ပြဋ္ဌာန်းသည့်ဥပဒေများအား လိုက်နာရန်” တာဝန်ရှိသည့်အလျောက် ဥပဒေကို လူတိုင်းသိရှိနားလည်ထားကြရန် ရည်ရွယ်၍ “ဥပဒေအသိပညာပြန့်ပွားရေး” သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းရှိ သလ္လာဝတီခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ သင်တန်းသား/ သင်တန်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့သည် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ တာဝန်မျှသာမဟုတ်ဘဲ ပြည်သူတစ်ရပ်လုံးနှင့် သက်ဆိုင်နေသည့် အတွက်ပြည်သူများမှ ဥပဒေအား လေးစားလိုက်နာကျင့်သုံးမှသာ တရားဥပဒေစိုးမိုးရေး အားအထောက်အကူ ဖြစ်စေမှာ ဖြစ်ပါကြောင်း၊ ယခုဖွင့်လှစ်သည့် ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းသည် ဥပဒေအသိပညာရပ်များအား ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမများအား ပို့ချပေးသွားမှာဖြစ်ပြီး ဆရာ၊ ဆရာမများမှတစ်ဆင့် ကျောင်းသား/ ကျောင်းသူများထံ ထပ်ဆင့်ဖြန့်ဝေပြီး အများပြည်သူများသို့ ဥပဒေအသိပညာများ ပြန့်ပွားရောက်ရှိသွားမှာ ဖြစ်သည့်အတွက် ကောင်းကျိုးရလဒ်များ ဖော်ဆောင်ပေးနိုင်မည့် သင်တန်းတစ်ခု ဖြစ်လာမှာဖြစ်ပါကြောင်း၊ ယခု ဥပဒေဘာသာရပ်များသည် ကျောင်းသားလူငယ်များ မဖြစ်မနေ သိရှိလိုက်နာရန်လိုအပ်သည့် ဥပဒေများဖြစ်သည့်အတွက် ကျောင်းသားလူငယ်လူရွယ်များအကြား ဥပဒေကိုလေးစားလိုက်နာသည့် အလေ့အကျင့်ကောင်းများရရှိကာ အနာဂတ်အတွက် ပြစ်မှုကင်းစင်သည့် လူတော်လူကောင်းများ ဖြစ်လာစေမှာဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

 

ယင်းနောက် တိုင်းဒေသကြီး ဥပဒေချုပ် ဒေါ်လှလှဝင်းက “ဥပဒေအသိပညာပြန့်ပွားရေး” သင်တန်း ဖွင့်လှစ်ရခြင်းအကြောင်းအား ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ သင်တန်းသား၊ သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြသည်။

 

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် “ဥပဒေအသိပညာပြန့်ပွားရေး” သင်တန်းပို့ချနေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့သည်။ အဆိုပါ “ဥပဒေအသိပညာပြန့်ပွားရေး” သင်တန်းအား မေ ၂၈ ရက်မှ ၃၀ ရက်ထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး မုံရွာမြို့နယ်ရှိ ပညာရေးဒီဂရီကောလိပ်မှ ဆရာ/ဆရာများ၊ အခြေခံပညာမှ ဆရာ/ဆရာမများ စုစုပေါင်း ၈၀ ဦး တက်ရောက်ကြောင်း သိရသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)