မုံရွာ ၂၂ အောက်တိုဘာ
စစ်ကိုင်းတိုင်းဒေသကြီးအဆင့် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၆/၂၀၂၀) ကို Video Confernecing စနစ်ဖြင့် ယနေ့ နံနက် (၉)နာရီက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က "စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အောက်တိုဘာ (၁၈)ရက်နေ့အထိ မြို့နယ်(၂၅)မြို့နယ်တွင် ပိုးတွေ့လူနာ (၂၄၄)ဦးရှိပြီဖြစ်ကြောင်းနှင့် ဆေးရုံ တက်ရောက်သူ(၂၄၄)ဦး၊ ကုသမှုခံယူဆဲ(၁၁၀)၊ ဆေးရုံဆင်း(၁၃၄)ဦးရှိပြီဖြစ်တဲ့အတွက် တိုင်းဒေသကြီး အတွင်းရှိ မြို့အဝင်/အထွက်ဂိတ်များတွင် စစ်ဆေးမှုများဆောင်ရွက်လျက်ရှိပြီး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို RDT Test Kit များဖြင့်လည်း COVID-19 ရောဂါပိုးရှိမရှိကို အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း။
မကြာမီကာလတွင် အထွေထွေရွေးကောက်ပွဲ ကျင်းပမည်ဖြစ်သဖြင့် မဲရုံအသီးသီးသို့ လာရောက်၍ မဲပေးသူများ COVID-19 ရောဂါ ကူးစက်မှုမရှိစေရေး အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း။နှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်များအနေဖြင့် ယခုကတည်းက စီမံချက်များအတိုင်း ဆောင်ရွက်နိုင်ရေး ကြိုတင်ညှိနှိုင်းဆောင်ရွက်သွားကြရန်” တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်၍ Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများ ထိထိရောက်ရောက်မြန်မြန်ဆန်ဆန် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးနှင့် တက်ရောက်လာကြသည့် တိုင်းဒေသကြီး/ခရိုင် လုပ်ငန်းဆပ်ကော်မတီများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှုအခြေအနေများအား အသီးသီးရှင်းလင်းတင်ပြ ဆွေးနွေးကြပြီး ဆက်လက်ဆောင်ရွက်မည့် အစီအမံများ(၃၄)ခုအား အတည်ပြုဆုံးဖြတ်ခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ထွန်းကိုကို(တိုင်းဒေသကြီး-ပြန်/ဆက်)


