မုံရွာ ၁၂ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် လုပ်ဆောင်လျက်ရှိသော ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများသည် ယခုအခါတွင် (၈၅) ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဘုန်းကျော်စိန်၏ ပြောကြားချက်အရ သိရသည်။
“တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ငွေလုံးငွေရင်းရန်ပုံငွေနဲ့ အထွေထွေပိုလျှံရန်ပုံငွေနဲ့ လုပ်ဆောင်ခဲ့တာ ဖြစ်တယ်၊ ဒီလုပ်ငန်းတွေမှာ ကျောက်စီမြေထိန်းနံရံ၊ သဲခြင်းအခြေပြု ကျောက်စီတမံ၊ ထန်းလုံးရေကာ၊ တာဘောင် ဖို့ခြင်း၊ မျောကျောက်ဖြည့် အခြေထိန်းလုပ်ငန်း၊ ဘိုးပိုင်အခြေပြု ကျောက်စီမြေထိန်းနံရံ၊ မျောတိုင်တန်း သဲအိတ်စီရေကာ၊ Gabion Wall တွေ တည်ဆောက်တာပါတယ်၊ အရေးပေါ်ချောင်းတူးလုပ်ငန်းတွေပါတယ်၊ အခု ဘဏ္ဍာရေးနှစ်အတွင်းမှာ လုပ်ငန်းအားလုံးရာခိုင်နှုန်းပြည့် ပြီးစီးရေးလုပ်ဆောင်နေတယ်”ဟု စစ်ကိုင်းတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဘုန်းကျော်စိန်က ပြောသည်။
ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများကို ကလေးခရိုင်အတွင်း (၆)ခု၊ ကသာခရိုင်အတွင်း(၉)ခု၊ ကန့်ဘလူခရိုင်အတွင်း (၃) ခု၊ ခန္တီးခရိုင်အတွင်း (၃)ခု၊ စစ်ကိုင်းခရိုင်အတွင်း (၃)ခု၊ တမူးခရိုင်အတွင်း (၁)ခု၊ မော်လိုက် ခရိုင်အတွင်း (၄)ခု၊ မုံရွာခရိုင်အတွင်း (၄)ခု၊ ယင်းမာပင်ခရိုင်အတွင်း (၆)ခု၊ ရွှေဘိုခရိုင်အတွင်း (၁၁)ခုတို့အား ယခုဘဏ္ဍာနှစ်အတွင်း လုပ်ဆောင်လျက်ရှိရာ လုပ်ငန်းအားလုံး၏ (၈၅)ရာခိုင်နှုန်းပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


