မုံရွာ ၂၇ မေ
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အသက်မွေးဝမ်းကျောင်းပညာသင်တန်း ဆင်းပြီးသူများနှင့် လက်ရှိအသေးစား စက်မှုလက်မှုလုပ်ငန်း လုပ်ကိုင်လျက်ရှိသူများအနေဖြင့် တရားဝင်လုပ်ကိုင်ခွင့် လျှောက်ထားပါက လုပ်ကိုင်ခွင့်လက်မှတ်များထုတ်ပေးနိုင်ရေး လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ သိရသည်။
““မှတ်ပုံတင်ပေးပြီးရင် လုပ်ငန်းလည်ပတ်နိုင်ဖို့ ချေးငွေလုပ်ငန်းနဲ့ တခြားဖွံ့ဖြိုးရေး လုပ်ငန်းတွေလုပ်ပေးတယ်၊ စက်မှုလုပ်ငန်းအနေနဲ့ မုန့်ဖုတ်တဲ့လုပ်ငန်းရှိတယ်၊ ကြိမ်ထိုးလုပ်ငန်းရှိတယ်၊ ကျောက်စိမ်းပုတီးလုပ်ငန်း ရှိတယ်၊ ပရိဘောဂလုပ်ငန်းရှိတယ်၊ မှတ်ပုံတင်ထားရှိတဲ့ လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းမျိုးတူစိတ်တွေဖွဲ့စည်းပြီး သမဝါယမစနစ်လိုအစုအဖွဲ့တွေဖွဲ့ပြီး ချေးငွေလုပ်ငန်းတွေ လုပ်ပေးလို့ရတယ်၊ အဓိကတော့ အရင်းအနှီးနဲ့ နည်းပညာပိုင်း လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်တယ်”” ဟု စစ်ကိုင်းတိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးလင်းထွဋ်မိုးက ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီး ဌာန တိုင်းဒေသကြီးရုံးတွင် မှတ်ပုံတင်ထားရှိပြီး လုပ်ငန်းများလုပ်ကိုင်လျက်ရှိသော အသေးစားစက်မှုလက်မှုလုပ်ငန်းပေါင်း (၁၃၄၅) ခုရှိ ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)