မုံရွာ ၂၉ သြဂုတ်
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ခရိုင်(၁၀)ခုနှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းရှိ မြို့နယ်များတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် မိုးစပါး (၆၀၄၉၃၃)ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီး ဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလှိုင်ဦးထံမှ သိရသည်။
“စိုက်ပျိုးရေးနည်းစနစ်တွေ၊ သီးနှံကာကွယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်ပေးနေပါတယ်၊ ရာသီဥတု ပြောင်းလဲ လာတာနဲ့ လိုက်လျောညီထွေဖြစ်စေမယ့် စိုက်နည်းစနစ်တွေကိုလည်း တောင်သူတွေသိရှိစိုက်ပျိုးနိုင်ဖို့ လုပ်ဆောင် ပေးနေပါတယ်၊ တိုင်းဒေသကြီးအတွင်းမှာတော့ အခုနှစ်မိုးရာသီမှာ လျာထားတဲ့ဧက (၁၈)သိန်းကျော် ရှိတဲ့အထဲက သုံးပုံတစ်ပုံတော့ စိုက်ပျိုးပြီးဖြစ်တယ်၊ ဆက်လက်ပြီးတော့လည်း စိုက်ပျိုးနေတယ်၊ လျာထားချက်ပြည့်မီ အောင်လို့တော့ စိုက်ပျိုးရေးဝန်ထမ်းတွေက တောင်သူတွေရဲ့ စိုက်ခင်ထဲအရောက်သွားပြီး ပူးပေါင်းဆောင်ရွက် နေပါတယ်” ဟု တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလှိုင်ဦးက ပြောသည်။
မိုးစပါးစိုက်ပျိုးပြီးစီးမှုအနေဖြင့် စစ်ကိုင်းခရိုင်အတွင်း (၅၄၇၆)ဧက၊ မုံရွာခရိုင်အတွင်း (၈၄၃၉)ဧက၊ ယင်းမာပင်ခရိုင်အတွင်း (၅၁၆၅၉)ဧက၊ ရွှေဘိုခရိုင်အတွင်း (၉၃၈၁၇)ဧက၊ ကန့်ဘလူခရိုင်အတွင်း (၄၇၀၃၇)ဧက၊ ကသာခရိုင်အတွင်း (၂၃၁၈၈၅)ဧက၊ ကလေးခရိုင်အတွင်း (၆၇၉၄၁)ဧက၊ တမူးခရိုင် (၂၇၉၁၀)ဧက၊ မော်လိုက်ခရိုင်အတွင်း (၂၇၈၅၀)ဧက၊ ခန္တီးခရိုင်အတွင်း (၁၈၆၉၉)ဧကနှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း (၂၄၂၂၀)ဧကတို့အား စိုက်ပျိုးပြီးစီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


