မုံရွာ ၆ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ချင်းတွင်းမြစ်၊ ဧရာဝတီမြစ်နှင့် အခြားမြစ်ချောင်းများသို့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် မိုးရာသီတွင် တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသားပေါက် ကောင်ရေ(၂၃)သိန်းကို စိုက်ထည့် သွားမည်ဖြစ်ကြောင်း သိရသည်။
“တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ပြည်သူတွေ ငါးစားသုံးမှုဖူလုံစေရေးနဲ့ ရေရှည်စားသုံးနိုင်ရေးအတွက် မြို့နယ်အလိုက်ရှိတဲ့ သဘာဝမြစ်ချောင်းနဲ့ ဆည်တမံတွေထဲကို နှစ်စဉ်မိုးရာသီတွေမှာ ငါးမျိုးတွေစိုက်ထည့် ပေးတာပါ၊ အခုဘဏ္ဍာရေးနှစ်မှာလည်း တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ မြစ်ချောင်းတွေရဲ့ နေရာ (၁၃)ခုမှာ မျိုးစိုက် ထည့်ပေးသွားမှာဖြစ်ပါတယ်” ဟု တိုင်းဒေသကြီးငါးလုပ်ငန်း ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ငါးမျိုးစိုက်ထည့်ပေးမှုအနေဖြင့် ချင်းတွင်းမြစ်အတွင်းသို့ မုံရွာမြို့နယ်တွင် ငါးသားပေါက်ကောင်ရေ (၅)သိန်း၊ ချောင်းဦးမြို့နယ်တွင် ငါးသားပေါက်ကောင်ရေ(၁)သိန်း၊ ကသာ၊ ရွှေဘို၊ ထီးချိုင့်နှင့် မြောင်မြို့များတွင် ဧရာဝတီမြစ်အတွင်းသို့ ငါးသားပေါက်ကောင်ရေ(၁၁)သိန်း၊ ကလေးမြို့နယ်တွင် မြစ်သာမြစ်အတွင်းသို့ ငါးသားပေါက်ကောင်ရေ(၁)သိန်း၊ ရွှေဘိုမြို့ မဟာနန္ဒာကန်အပိုင်း(၂)သို့ ငါးသားပေါက် ကောင်ရေ(၁)သိန်းနှင့် ကျုံးများ အတွင်းသို့ ငါးသားပေါက်ကောင်ရေ (၃)သိန်းစုစုပေါင်း ငါးသားပေါက်ကောင်ရေ စုစုပေါင်း (၂၃)သိန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် မိုးရာသီအတွင်း မျိုးစိုက်ထည့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


