ရွှေဘို   ၇  နိုဝင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် ရွှေဘိုခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌများ လိုက်ပါ၍ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံ အထွေထွေရွေးကောက်ပွဲအတွက် ရွှေဘိုမြို့နယ်  ဇီးဖြူကုန်းကျေးရွာ အထက်တန်းကျောင်း(ခွဲ)ရှိ မဲရုံ၊ သီးလုံးကျေးရွာ အလယ်တန်းကျောင်း(ခွဲ) မဲရုံ၊  ဇီးကုန်းကျေးရွာ အလယ်တန်းကျောင်း မဲရုံနှင့် အုတ်ရှစ်ကန်ကျေးရွာအုပ်စု သပြောကျေးရွာ အမကကျောင်း မဲရုံ စသည့်ကျေးရွာ(၄)ရွာရှိ မဲရုံများတွင် အသက်(၁၈)နှစ်ပြည့်ပြီး‌သော မဲဆန္ဒရှင်ပြည်သူများ စိတ်ချမ်းမြေ့လုံခြုံစွာ ဆန္ဒမဲပေးနိုင်‌ရေးတို့ကို ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေတို့ကို ယနေ့ နံနက် ၁၀ နာရီက ကြည့်ရှုစစ်ဆေးခဲ့သည်။

 

ထိုသို့ မဲရုံများ၌ ဆန္ဒမဲပေးရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က မိဘပြည်သူများ အတွက် စိတ်ချမ်းမြေ့လုံခြုံစွာ ဆန္ဒမဲပေးနိုင်ရေး သက်ဆိုင်ရာဌာနများမှ တာဝန်ပေးအပ်ထားသော ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအား တွေ့ဆုံအားပေးစကားများပြောကြားကာ ဆန္ဒမဲပေးရာတွင်  COVID-19 ရောဂါ မပြန့်ပွားမကူးစက်ရေးအတွက်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထုတ်ပြန်ထားသော အမိန့်ညွှန်ကြားချက်များနှင့်အညီ အားလုံး စနစ်တကျ ပူးပေါင်းဆောင်ရွက်ပေးကြပါရန်နှင့် ပြည်သူများ လွတ်လပ်စွာဆန္ဒမဲပေးနိုင်ရေးကို အထူး အလေးထားဆောင်ရွက်ပေးကြစေရေးနှင့် မဲရုံများလုံခြုံစေရေးအတွက် အထူးသတိထားဆောင်ရွက်ကြ ရန် တိုက်တွန်းပြောကြားခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထွန်းကိုကို(တိုင်းဒေသကြီး ပြန်/ဆက်)