စစ်ကိုင်း ၂၂ ဩဂုတ်
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တရားသူကြီးချုပ်၊ စားရင်းစစ်ချုပ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး ဌာနဆိုင်ရာ တာဝန်ရှိသူများသည် မုံရွာခရိုင်နှင့် ရွှေဘိုခရိုင်အတွင်းရှိ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲများကို ဩဂုတ် ၂၁ ရက် နံနက် ၉ နာရီက မုံရွာခရိုင် ဘုတလင်မြို့ မြဝတီခန်းမ၌လည်းကောင်း၊ မွန်းလွဲ ၂ နာရီတွင် ရွှေဘိုခရိုင် ဒီပဲယင်းမြို့ဆရာစံခန်းမ၌လည်းကောင်း အသီးသီးကျင်းပခဲ့သည်။
ရှေးဦးစွာ တွေ့ဆုံပွဲများတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းဒေသကြီးဝန်ကြီးများက မိမိတို့တိုင်းဒေသကြီး ဝန်ကြီးဌာနများအလိုက် ဆောင်ရွက်နေမှုအခြေအနေများနှင့် မိတ်ဆက်စကားများကို ပြောကြားခဲ့သည်။ ယင်းနောက် မုံရွာခရိုင်အတွင်းရှိ ဘုတလင်မြို့နယ်မှ တက်ရောက်လာကြသော ဒေသခံပြည်သူများက မိမိတို့ဒေသတွင် လိုအပ်သည့် အလုပ်အကိုင် အခွင့်အလမ်းရရှိရေး၊ ကန်မကန်ပြန်လည်တူးဖော်ပေးရေး၊ လူနေထိုင်မှုမြေငှားဂရမ်ရရှိရေး၊ ဂိတ်သစ်ဆိုင်တန်းမြေဂရမ်ကိစ္စနှင့် စပ်လျဉ်း၍ ပြန်လည်ရရှိရေး၊ သိမ်းဆည်းခံလယ်ယာမြေများမှ ပိုလျှံမြေများ ပြန်လည်ရရှိရေး၊ သိမ်းဆည်း လယ်ယာမြေများကိစ္စ၊ မြို့နယ် လဝက ဝန်ထမ်းများ တိုးမြှင့်ခန့်ထားပေးရေး၊ မြေယာရောင်းဝယ်မှု စာချုပ်များနှင့် စပ်လျဉ်း၍ လည်းကောင်း၊ မြို့နယ်တရားရုံးမှ ဝန်ထမ်းများ ငွေတောင်းခံမှုကိစ္စ၊ မြေလွတ်မြေရိုင်းမှ ကျေးရွာအားကစားကွင်း ချထားပေးရေး၊ ဝက်ပုတ်ကျေးလက်ကျန်းမာရေးဌာနခွဲ ချထားပေးရေး၊ ယုံလေးကုန်းကျေးရွာချောင်းကူးတံတား တည်ဆောက်ပေးရေး၊ တောင်သူများအတွက် မြစ်ရေတင်စိုက်ပျိုးရေရရှိရေး၊ မြို့နယ်စည်ပင်သာယာရေးကော်မတီတွင် အရပ်သားများများ ပါဝင်ဖွဲ့စည်းပေးရေး၊ လမ်းဘေးလျှပ်စစ်မီးတိုင်များ မီးလင်းရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် စိုက်ပျိုးရေရရှိရေး စသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်သည်များကို လည်းကောင်း အသီးသီးဆွေးနွေးမေးမြန်းခဲ့ကြရာ သက်ဆိုင်ရာဝန်ကြီးများနှင့် တိုင်းအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကဏ္ဍများအလိုက် ပြန်လည်ဖြေကြားပေးခဲ့ကြသည်။
အလားတူ မွန်းလွဲ ၂ နာရီတွင် ရွှေဘိုခရိုင် ဒီပဲယင်းမြို့ဆရာစံခန်းမ၌ တွေ့ဆုံပွဲတွင်လည်းကောင်း ရွှေဘိုခရိုင်အတွင်းရှိ ဒီပဲယင်းမြို့နယ်မှ တက်ရောက်လာကြသော ဒေသခံပြည်သူများက မိမိတို့ဒေသတွင် လိုအပ်သည့် မြေလွတ်မြေရိုင်းများကို ကျေးရွာဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးချခွင့်ရရှိရေး၊ သိမ်းဆည်းခံလယ်ယာမြေများ ပြန်လည်ရရှိရေး၊ ဘိုးဘွားပိုင် လယ်ယာမြေ ပြန်လည်ရရှိရေး၊ တောင်သူများအတွက် ပုံစံ(၇)များရရှိရေး၊ သိမ်းဆည်းလယ်ယာမြေများ ပြန်လည်ရရှိရေး၊ မူးဘောင်လမ်း ပြင်ဆင်ပေးရေး၊ မြင်တန်းကျေး၊ ဒိုင်နတ် မြေကိစ္စ ကျူးကျော်နေထိုင်ခြင်း ဖယ်ရှားပေးရေး၊ ဒီပဲယင်း-ညောင်လှလမ်းပိုင်း ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ပေးရေး၊ တနယ်-ဆင်ရောက်ကုန်း စာသင်ကျောင်း အလယ်တန်းကျောင်းအဆင့် တိုးမြှင့်ရရှိရေး၊ တည်တောကျေးလက်လမ်းများ ကောင်းမွန်ရေးနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲရရှိရေး၊ အင်ပင်-ယဒင် ကျေးရွာမီးလင်းရေးအတွက် လျှပ်စစ်ထရန်စဖော်မာတစ်လုံး ရရှိရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် စိုက်ပျိုးရေရရှိရေး စသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်သည်များကို လည်းကောင်း အသီးသီးဆွေးနွေးမေးမြန်းခဲ့ကြရာ သက်ဆိုင်ရာဝန်ကြီးများနှင့် တိုင်းအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကဏ္ဍများအလိုက် ပြန်လည်ဖြေကြားပေးခဲ့ကြသည်။
ဘုတလင်မြို့နယ်နှင့် ဒီပဲယင်းမြို့နယ်တို့အတွက် ကဏ္ဍများအလိုက် အသီးသီးပြန်လည်ဖြေကြားမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ပြည်ထောင်စုအစိုးရ တာဝန်ယူဆောင်ရွက်ခဲ့သော သုံးနှစ်တာကာလကျော်အတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများ၊ လက်ရှိနှင့် လာမည့်နှစ်တွင် ဆောင်ရွက်မည့်လုပ်ငန်းများနှင့် ပတ်သက်၍ ထပ်မံဖြည့်စွက် ရှင်းလင်းပြောကြားပေးခဲ့ပြီး ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။
အဆိုပါ လူထုတွေ့ဆုံပွဲများတွင် တိုင်ကြားစာများကို လက်ခံဆောင်ရွက်ပေးလျက်ရှိရာ မုံရွာခရိုင်အတွင်းရှိ ဘုတလင်မြို့နယ်မှ (၃)စောင်နှင့် ရွှေဘိုခရိုင်အတွင်းရှိ ဒီပဲယင်းမြို့နယ်တို့မှ (၂၈)စောင် စုစုပေါင်း (၃၁)စောင်ရှိကာ သက်ဆိုင်သူများထံသို့ တာဝန်ရှိသူများမှ ပြန်လည်ဖြေရှင်း ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းကိုကို(ယင်းမာပင်)


