မုံရွာ ၂၈ ဩဂုတ်
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တရားသူကြီးချုပ်၊ စားရင်းစစ်ချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မုံရွာခရိုင်နှင့် ရွှေဘိုခရိုင်အတွင်းရှိ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲများကို ယနေ့ နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ မုံရွာခရိုင် အရာတော်မြို့ အမှတ်(၁) ပိတောက်မြိုင်ရပ်ကွက်ရှိ သီရိရတနာခန်းမ၌ လည်းကောင်း၊ မွန်းလွဲ ၂ နာရီမှ ညနေ ၅ နာရီအထိ ရွှေဘိုခရိုင် ဝက်လက်မြို့ ဝင်းလက်ရွှေစင်ခန်းမ၌လည်းကောင်း အသီးသီးကျင်းပပြုလုပ်ခဲ့သည်။
တွေ့ဆုံပွဲများတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းဒေသကြီးဝန်ကြီးများက မိမိတို့တိုင်းဒေသကြီး ဝန်ကြီးဌာနများအလိုက် လမ်း၊ တံတား၊ သောက်သုံးရေ၊ စိုက်ပျိုးရေ၊ လျှပ်စစ်မီး၊ ခရီးသွာလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှု၊ စိုက်ပျိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍမျိုးစုံတို့ဖြင့် တိုင်းဒေသကြီးအတွင်း လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုအခြေအနေများနှင့် ပတ်သက်၍ မိတ်ဆက်စကားများကို ပြောကြားခဲ့ပြီး တက်ရောက်လာကြသော ဒေသခံပြည်သူများက မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များနှင့် သိရှိလိုသည်များကို အသီးသီးဆွေးနွေး မေးမြန်းခဲ့ကြရာ သက်ဆိုင်ရာဝန်ကြီးများနှင့် တိုင်းအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကဏ္ဍများအလိုက် ပြန်လည်ဖြေကြားပေးခဲ့ကြသည်။
ထိုကဲ့သို့ အရာတော်မြို့နယ်နှင့် ဝက်လက်မြို့နယ်တို့အတွက် ကဏ္ဍများအလိုက် အသီးသီး ပြန်လည်ဖြေကြားမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီးအစိုးရတို့မှ တာဝန်ယူဆောင်ရွက်ခဲ့သော သုံးနှစ်တာကာလကျော်အတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများ၊ လက်ရှိနှင့် လာမည့်နှစ်တွင် ဆောင်ရွက်မည့်လုပ်ငန်းများနှင့် ပတ်သက်၍ ထပ်မံဖြည့်စွက် ရှင်းလင်းပြောကြားပေးခဲ့ပြီး ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။
အဆိုပါ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး မဏ္ဍိုင်ကြီး(၃)ရပ်နှင့် တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်သူလူထုတွေ့ဆုံပွဲများတွင် တိုင်ကြားစာများကို သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများမှ လက်ခံဆောင်ရွက်ပေးလျက်ရှိရာတွင် မုံရွာခရိုင်အတွင်းရှိ အရာတော်မြို့နယ်မှ (၃)စောင်နှင့် ရွှေဘိုခရိုင်အတွင်းရှိ ဝက်လက်မြို့နယ်တို့မှ (၁၃)စောင် စုစုပေါင်း (၃၆)စောင်ရှိကာ သက်ဆိုင်သူများထံသို့ တာဝန်ရှိသူများမှ ပြန်လည်ဖြေရှင်း ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းကိုကို(ယင်းမာပင်)


