ရေတာရှည် ၁၆ သြဂုတ်
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့ အရှေ့ဘက် ၆ မိုင်ခန့်အကွာရှိ ရေတာရှည်- ကရင်ချောင်း- လိပ်သိုမြို့ကို ဆက်သွယ်ဖောက်လုပ်ထားသော လမ်းပေါ်ရှိ စစ်တောင်းမြစ်ကူးတံတား (ရေတာရှည်) သည် ရာနှုန်းပြည့် ပြီးစီးသွားပြီဖြစ်၍ သုံးတန်အောက်ယာဉ်ငယ်များအား ဖြတ်သန်းခွင့်ပြုထားပြီဖြစ်ကြောင်း သိရှိရသည်။
“သြဂုတ် ၄ ရက်က မိုးတွေရွာပြီး စစ်တောင်းမြစ်ရေတိုးလာတော့ အထက်ဘက်မှာရှိတဲ့ ယာယီမြစ်ကူးတံတားက ကျိုးပြတ်ပါသွားတယ်။ ခရီးသွား ဒေသခံပြည်သူတွေ အခက်အခဲလည်း ဖြစ်နေတယ်၊ တံတားအသစ်ကြီးကလဲ ရာနှုန်းပြည့်ပြီးစီးနေတာဖြစ်လို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြခဲ့ပြီးတော့ ခွင့်ပြုချက်ရတာနဲ့ သုံတန်အောက် ယာဉ်ငယ်တွေကို ဖြတ်သန်းခွင့်ပြုခဲ့တာပါ” ဟု တံတားဦးစီးဌာန၊ တံတားတည်ဆောက်ရေး အထူးအဖွဲ့ (၆) မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
တံတားကြီးပေါ်မှ မြစ်အရှေ့ဘက်ကမ်းနှင့် အနောက်ဘက်ကမ်းဒေသများရှိ ဖြတ်သန်းသွားလာကြသူများကို တွေ့ရ၍ ခရီးသွားလာနိုင်မှုအခြေအနေကို မေးမြန်းကြည့်ခဲ့ရာ “တံတားကြီး ဆောက်ပြီးသွားတော့ ခရီးသွားလာရတာ အရမ်းအဆင်ပြေတာပေါ့။ အရင်ကဆို မြစ်ကူးခ ပိုက်ဆံကုန်တယ်လေ၊ ကိုယ်သွားချင်တဲ့အချိန်လဲ သွားလို့မရ၊ ကျန်းမာရေးမကောင်းလို့ ညဘက်သွားမယ်ဆိုရင် စက်လှေငှားပြီးကူးရတာ ခုတော့ ကြိုက်တဲ့အချိန်သွားလို့ရပြီ။ ဟိုဘက် ဒီဘက် ဆွေမျိုးသားချင်းတွေ ကူးလူးဆက်ဆံမှု ပိုကောင်းသွားတာပေါ့” ဟု မြစ်အရှေ့ဘက်ကမ်းရှိ တောင်သာရွာနေ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
စစ်တောင်းမြစ်ကူး တံတားကြီးအား ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေ ကျပ် ၃၇၉၀ သန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ ကျပ် ၁၇၅၂ သန်း စုစုပေါင်း ကျပ်သန်း ၅၅၄၂ ဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန တံတားအထူးအဖွဲ့ (၆)မှ တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး တောင်ပေါ်ဒေသနှင့် မြေပြန့်ဒေသနေ ပြည်သူများ အဆင်ပြေလွယ်ကူစွာ နေ/ညမရွေး ခရီးသွားလာနိုင်ကြပြီဖြစ်၍ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍများတွင် များစွာဖွံဖြိုးလာကြမည် ဖြစ်သည်။
ကိုလွင်(ဆွာ)
