ရေတာရှည် ၁၅ စက်တင်ဘာ
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်အတွင်း စစ်တောင်းမြစ်ဝှမ်းဒေသများဖြစ်သော ဇေယျသိမ်၊ ရဲကုန်း၊ ဘုရားကုန်း၊ မြို့လှကျေးရွာ အုပ်စုများတွင် အစေ့ထုတ်ပြောင်းမျိုးများ စိုက်ပျိုးကြပြီး လက်ရှိပြောင်းပေါ်ချိန်၌ Covid-19 ကာလ စျေးကွက်ဝယ်လိုအားနည်းပါ၍ စျေးနှုန်းများ ကျဆင်းလျက်ရှိရာ စိုက်ပျိုးထားသည့်တောင်သူများအနေဖြင့် စျေးကွက်ကောင်းမွန်ရန် မျှော်လင့်နေ ကြကြောင်း သိရသည်။
``မနှစ်က ပြောင်းဆံ တစ်တင်းကို ငွေကျပ် ၆၀၀၀၊ ၇၀၀၀ ထောင် ရောင်းရတာ ထက်စာရင် ဒီနှစ် အစောပေါ်တဲ့သူက တစ်သောင်းလောက်ရောင်း လိုက်ရတယ်။ ခုကျတော့ ကိုဗစ်ကာလဆိုတော့ အရောင်းအဝယ် စျေးကွက်က ဘာမှန်းမသိတော့ မြို့လှမြို့ပေါ်က ပွဲရုံတွေက ပြောင်းအဝါကိုတော့ လက်ရှိ တစ်တင်း ကျပ် ၈၂၀၀ စျေးနဲ့ဝယ်တယ်။ စားပြောင်းအဖြူကတော့ ဝယ်ယူတာမရှိသေးလို့ တောင်သူတွေအနေနဲ့ အခြောက်လှန်း အိတ်သွတ်ပြီး အိမ်တွေမှာ ဒီအတိုင်းပဲသိမ်းထားရတယ်”ဟု ရဲကုန်းကျေးရွာအုပ်စု၊ ဇီးဖြူတန်းကျေးရွာနေ တောင်သူ ဦးသိန်းလွင် ကပြောသည်။
ဇီးဖြူတန်း၊ ဥသျှစ်ပင်၊ ဘူးအိုင်၊ အလယ်ရွာ၊ အေးကြီး၊ သရက်တော၊ ကျွန်းတိုင်းကျေးရွာဝန်း ကျင်ဒေသများတွင် ပြောင်းခုတ်သိမ်းရန် အခင်း များစွာကျန်ရှိနေပြီး ဆောင်းကာလ၌ စိုက်ပျိုးမည့် စွံတာနီ၊ပဲဖြူလေး နှင့် မြေပဲများအတွက် ထယ်ရေး နောက်ကျဖွယ်ရှိနေကြောင်း ဒေသခံ တောင်သူများက ခန့်မှန်းထားကြသည်ဖြစ်ရာ လုပ်ငန်းများစောစီးစွာ ပြီးစီးနိုင်ရေးမှာ စျေးကွက် အပေါ်တွင် တည်မှီနေခြင်းလည်း ဖြစ်သည်။
ပြောင်းစိုက်ပျိုးသည့် တောင်သူများသည် ပြောင်းအပင်နှင့် အစေ့ချွေပြီး ဖူးတိုင်အား အခြောက်လှန်း ကာ စဖိုချောင် မီးဖိုအတွက် ထင်းအဖြစ်လည်ကောင်း၊ ပြောင်းအခွံရွက်ခြောက်အား ဆေးလိပ် အစီခံအဖြစ် လည်းကောင်း ပြန်လည်ရောင်းချမှုများရှိနေရာ တစ်ဧက ထွက်နှုန်းပုံမှန်ထက် လျော့ကျ သည့်တိုင် အပိုဝင်ငွေဖြင့် ပြန်လည်ဖြည့်တင်းနိုင်ခြင်းကြောင့် အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။
ကိုလွင်(ဆွာ)


