အင်းတော် ၂ နိုဝင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် မဲဇာနည်းပညာပေးစင်တာ နယ်မြေအတွင်းရှိ အလယ်ဆိပ်ကျေးရွာ တောင်သူ ဦးဝင်းမောင်၏ စိုက်ခင်းအတွင်း CERP အစီအစဉ်ဖြင့် စိုက်ပျိုးထားရှိသော ဆင်းဧကရီ-၃ မျိုးစေ့ထုတ် စိုက်ကွက်အား ယမန်နေ့က စံကွက်ရိတ်သိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ ဆင်းဧကရီ-၃ မိုးစပါးမျိုးစေ့ထုတ်စိုက်ကွက်အား စံကွက်ရိတ်သိမ်းခဲ့ရာ စပါးအစို တစ်ဧက (၁၄၀) တင်းခန့်ထွက်ရှိကြောင်း၊ အင်းတော်မြို့နယ်အနေဖြင့် နည်းပညာပေးစင်တာအလိုက် မိုးစပါးမျိုးစေ့ထုတ် စိုက်ကွက်များကို စိုက်ပျိုးထားရှိရာ မိုးစပါးမျိုးစေ့ အမျိုးအစားများအနေဖြင့် ဆင်းဧကရီ-၃၊ ဧရာမင်း၊ မှော်ဘီ မျိုးစပါးများအား မြို့နယ်အတွင်းတွင် ဧက(၅၅၀) စိုက်ပျိုးထားရှိကြောင်း သိရသည်။
ထို့ပြင် မိုးစပါးမျိုးစေ့ထုတ် စိုက်ကွက်များအတွင်း မိုးစပါးမျိုးကောင်းမျိုးသန့်များ ရရှိနိုင်ရေး၊ မျိုးစေ့ထုတ်ကွက် များအတွင်း ရောဂါ၊ ပိုးမွှားများ ကျရောက်မှုမရှိစေရေး၊ ပေါင်ကင်းရှင်းရေးတို့အတွက် ဒေသခံတောင်သူများနှင့် ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း၊ မိုးစပါးမျိုးစေ့ထုတ်စိုက်ကွက် တောင်သူများအတွက် ထောက်ပံ့ကြေးများကိုလည်း ထုတ်ပေးထားရှိပြီးဖြစ်ပကြောင်း၊ ဒေသခံတောင်သူများ အနေဖြင့် မိမိတို့၏ မိုးစပါးစိုက်ကွက်များအတွင်း နည်းပညာအကူအညီများ ရယူလိုပါက မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနနှင့် ဆက်သွယ်၍ အကူအညီများရယူနိုင်ပါကြောင်း အင်းတော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးသိန်းခိုင်ထံ မှ သိရသည်။
ခန့်ဇော်ပိုင်(ပြန်/ဆက်)