စေတုတ္တရာ ၃၀ စက်တင်ဘာ   

မကွေးတိုင်ဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ  စိုက်ပျိုးထားသော ကျန်စိမ့်ကျေးရွာရှိ မျိုးစေ့ထုတ်စိုက်ခင်းများတွင်  မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ကွင်းဝန်ထမ်းများက ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခြင်း (Activities of Field Inspection)ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ မျိုးစေ့ထုတ်စိုက်ခင်းများ ကွင်းဆင်းစစ်ဆေးခြင်း (Activities of Field Inspection) ဆောင်ရွက်ရာတွင် ကျန်စိမ့်ကျေးရွာရှိ တောင်သူ(၅)ဦး၏ မနောသုခစပါးမျိုး မျိုးစေ့ထုတ်စိုက်ခင်း (၁၀)ဧကတွင် ပင်ပွား ကျာဘမ်းယူခြင်း၊ မျိုးကွဲရှိ/မရှိ စစ်ဆေးခြင်း၊ မှိုသီးရောဂါကျရောက်သော အပင်အနှံများ ရှိ/မရှိ စစ်ဆေးခြင်းနှင့် ပေါင်းမြက်များ ရှိ/မရှိ စစ်ဆေးခြင်းတို့ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ကွင်းဝန်ထမ်းများ နှင့် စိုက်ခင်းတောင်သူများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

စေတုတ္တရာမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု(CERP) အစီအစဉ်အရ မျိုးစေ့ထုတ်စိုက်ခင်း ဧက(၁၀၀) ဆောင်ရွက်ခဲ့ရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဝန်ထမ်းများက မျိုးစေ့ထုတ်စိုက်ခင်းများ တွင် မျိုးကွဲနုတ်ပယ်ခြင်းများ၊ အပင်ဖြစ်ထွန်းမှုအခြေအနေများနှင့် ပိုးမွှားကျရောက်မှု ရှိ/မရှိ စစ်ဆေးခြင်းကို ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်းနှင့် တောင်သူများအနေဖြင့် မျိုးစေ့ထုတ်စိုက်ခင်းများ ဆောင်ရွက်ခြင်း  ဖြင့် မျိုးကောင်းမျိုးသန့်သုံးစွဲနိုင်ခြင်း၊ ထွက်ရှိလာသည့်ဆန်အရည်အသွေးကောင်းမွန်ခြင်း၊ ဈေးကောင်းရရှိ ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။                         

စည်သူလွင်(ပြန်/ဆက်)