စေတုတ္တရာ ၁၃ ဩဂုတ်
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စေတုတ္တရာမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ မကွေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် အခြေခံငါးမွေးမြူရေး နည်းပညာပေးသင်တန်းကို ယမန်နေ့ နံနက် ၁၀ နာရီက သံဆည်ကျေးရွာ စုရပ်ဆောင်၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အခြေခံငါးမွေးမြူရေးနည်းပညာပေးသင်တန်းတွင် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်ထွန်းဦးနှင့် ပွင့်ဖြူငါးလုပ်ငန်းစခန်းတာဝန်ခံ ဦးဉာဏ်ဝင်းတို့က ငါးမွေးကန်မြေနေရာ အမျိုးအစား ရွေးချယ်မှု၊ ရေရရှိမှုအခြေအနေ၊ ရေဩဇာပြည့်ဝရေးနှင့် သဘာဝငါးအစာရရှိရေးအတွက် သဘာဝမြေဩဇာ များဖြစ်သည့် ကြက်ချေး၊ နွားချေးနှင့် ထုံးများ ထည့်သွင်းရမည့်နည်းလမ်းများ၊ ငါးမွေးကန် တစ်ဧကလျှင် ငါးထည့်သွင်းမွေးမြူနှုန်း၊ အစာကျွေးနှုန်း၊ ငါးမွေးကန်တွင် ငါးသားပေါက်များမထည့်သွင်းမီ ငါးသားပေါက်များအား ပြုစုနည်းများအား နည်းပညာပေး ဆွေးနွေးပို့ချပေးခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းအား ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ ငါးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးနှင့် ငါးမွေးကန်များ ပိုမိုဖြစ်ထွန်းလာစေရေးအတွက် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် သင်တန်းတွင် သင်တန်းသား ၃၀ တက်ရောက်ခဲ့ကြောင်း သိရသည်။
စည်သူလွင်(ပြန်/ဆက်)