စေတုတ္တရာ ၁၆ ဇူလိုင်
မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ဆန္ဒမဲပေးခွင့်ရှိသူတိုင်း မဲပေးနိုင်စေရေးအတွက် မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ၊ အဖွဲ့ဝင်များတွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းမြင့်က ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား စံ(၅)ချက်နှင့်အညီ အောင်မြင်စွာကျင်းပနိုင်ရေး အတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များမှ ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြား သည်။
ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဒေါ်မူယာက ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းဆောင်ရွက် ထားရှိမှု အခြေအနေများ၊ ကိုယ်စားလှယ်လောင်း အမည်တင်သွင်းခြင်းဆိုင်ရာများ၊ လိုက်နာဆောင်ရွက်ရမည့် ဥပဒေများနှင့် မဲစာရင်းများ မှန်ကန်မှုရှိစေရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းကာ တက်ရောက်လာသည့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များက လုပ်ငန်းတာဝန်ချထားမှုများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
စေတုတ္တရာမြို့နယ်အတွင်း၌ နိုင်ငံရေးပါတီ (၇)ပါတီရှိပြီး တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)အတွက် မဲရုံပေါင်း ၃၅ ရုံ၊ တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)အတွက် မဲရုံပေါင်း ၃၄ ရုံ စုစုပေါင်း မဲရုံ ၆၉ ရုံရှိကာ မဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း ၃၄၅၇၈ ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဒေါ်မူယာထံမှ သိရသည်။
စည်သူလွင်(ပြန်/ဆက်)


