စေတုတ္တရာ ၁၆  သြဂုတ် 

ကိုဗစ်-၁၉ ရောဂါကြောင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ထိခိုက်မှုများကို တုံ့ပြန် ဆောင်ရွက်သည့် အနေဖြင့် မိသားစုဝင်ငွေရရှိရေးအတွက် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်အတွင်းရှိ နတ်ကြီးကျေးရွာအုပ်စု၊ အာယောကျေးရွာတွင် ​Cash For Work စီမံကိန်း ဖြင့် ကျေးရွာတွင်းလမ်းပြုပြင်ခြင်းနှင့် ရေကာတန်းပြုပြင် တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို သြဂုတ်လ ၁၆ ရက်နေ့ နံနက်က သက်ဆိုင်ရာတာ၀န်ရှိသူများ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

 

အဆိုပါစီမံကိန်းကျေးရွာသို့ ကွင်းဆင်းကြီးကြပ်ရာတွင် စေတုတ္တရာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာ မြို့နယ်ဦးစီးမှူး ဦးသိန်းဇော်ထွန်း၊ စီမံကိန်းလုပ်ငန်းတာ၀န်ခံ အငယ်တန်း အင်ဂျင်နီယာ - ၂ ဦးအောင်ကိုလင်း နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ကျေးရွာကော်မတီ၀င် များနှင့်အတူ အာယောကျေးရွာတွင် ​Cash For Work စီမံကိန်းဖြင့် ကျေးရွာတွင်းလမ်းပြုပြင်ခြင်းနှင့် ရေကာတန်းပြုပြင် တည်ဆောက်ခြင်းလုပ်ငန်းများကို  ကွင်းဆင်းကြီးကြပ်၍ သတ်မှတ်အတိုင်းအတာ ပြည့်မီခြင်း ရှိ/ မရှိ တို့ကို တိုင်းတားခဲ့ကြသည်။

 

အာယောကျေးရွာတွင် အရှည်ပေ ၅၀၀၊ အကျယ် ၁၅ ပေရှိ ကျေးရွာတွင်းလမ်း ပြုပြင်ခြင်းနှင့် အလျား ပေ ၅၀၀၊ အကျယ် ၆ ပေ၊ အမြင့် ၅ ပေရှိ ရေကာတန်းပြုပြင် တည်ဆောက်ခြင်းလုပ်ငန်းတို့အား ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ Cash for work စီမံကိန်းထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း (၁၀၀)အား အသုံးပြု၍ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ကျေးလက်နေ ပြည်သူများ အလုပ်အကိုင် ဝင်ငွေရရှိစေရန်   ရည်ရွယ်​ပြီး လုပ်အားခ ပေးချေခြင်းစနစ်ဖြင့် ကျေးရွာပြည်သူများ၏ လုပ်အားများဖြင့်သာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါလုပ်ငန်းများ ၉၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီးဖြစ်ကြောင်း သိရသည်။

 

၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ်တွင် စေတုတ္တရာမြို့နယ်အတွင်း Cash for work စီမံကိန်းကို အာယော ကျေးရွာအပါအ၀င် ကျေးရာပေါင်း ၈ ရွာတွင်  ကျေးရွာတွင်းလမ်းပြုပြင်ခြင်း၊ ရေနုတ်မြောင်း တူးဖော်ခြင်း၊ မြေသားရေကန်ပြုပြင်တူးဖော်ခြင်း၊ ရေကာတန်း ပြုပြင်တည်ဆောက်ခြင်း လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း စေတုတ္တရာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းဇော်ထွန်း ၏ ပြောပြချက်အရ သိရသည်။

သူရိန်(ကျေးလက်)