စေတုတ္တရာ၊ ၂   ဒီဇင်ဘာ          

           

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ မြို့ပေါ်ရပ်ကွက်များရှိ အသက်(၂)လမှ အသက်(၁)နှစ်ခွဲအရွယ်အထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ဒီဇင်ဘာ ၂ ရက် နံနက် ၉ နာရီမှ စတင်၍ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ထိုးနှံတိုက်ကျွေးသည်။

           

ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် Social Distancing စနစ်ဖြင့် လူတစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာတွင် နေထိုင်စေခြင်း၊ တစ်နေ့လျှင် လူ ၅၀ ဦးသာ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးပေးခြင်း၊ ကလေးမိခင်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား နှာခေါင်းစည်းများ တပ်ဆင်လာစေခြင်းဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

           

အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းတွင် အသက်(၂)လမှ (၁)နှစ်ခွဲအရွယ် ကလေးငယ်များအား ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး၊ မေးခိုင်ရောဂါ၊ အသည်းရောင်အသားဝါ(ဘီ)နှင့် ဦးနှောက်အမြှေးရောင် ရောဂါကာကွယ်ဆေးများကို ထိုးနှံတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ရောဂါကာကွယ် ဆေးနှင့်ကျန်းမာရေးစစ်ဆေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

                                                                                                                       

စည်သူလွင်(ပြန်/ဆက်)