နေပြည်တော်၊ စက်တင်ဘာ ၅
မန္တလေး - မြစ်ကြီးနား - လားရှိုး မြို့တွင်းလမ်းမိုင် (၁၇၂/၀) မှ (၁၇၈/၀) ထိ (၄၈) ပေ အကျယ် (၄) လမ်းသွား ကတ္တရာ ကွန်ကရစ်လမ်း တိုးချဲ့ခြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်နေမှုကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေက စက်တင်ဘာ ၃ ရက်က စစ်ဆေးကြည့်ရှုပြီး လမ်းနယ်နိမိတ်အတွင်း ကျူးကျော်မှုမရှိစေရေး၊ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး၊ စံချိန်စံညွှန်းပြည့်မှီရေးတို့ကို အလေးထားဆောင်ရွက်ရန် မှာကြားခဲ့သည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် လားရှိုးမြို့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဆောင်ရွက်ခဲ့သော ထင်းရှူးမြိုင် အိမ်ရာစခန်းသို့ ရောက်ရှိစစ်ဆေးစဉ် နိုင်ငံ့ဝန်ထမ်းအငှား အိမ်ရာများတွင် ဝန်ထမ်းများ အဆင်ပြေစွာ နေထိုင်ရေးအတွက် ရေ ၊ မီး ၊ မိလ္လာနှင့် လုံခြုံရေး ဆိုင်ရာ ကိစ္စရပ်များအတွက် အိမ်ရာကော်မတီများမှ တင်ပြချက်များအား အလေးထားဆောင်ရွက်ပေးရန်၊ ဆောင်ရွက်ဆဲ လုပ်ငန်းများအား သတ်မှတ် ဘဏ္ဍာရေးနှစ်အတွင်း အချိန်မှီပြီးစီးရေး ဆောင်ရွက်ရန်၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအား လျာထားစီမံချက် စနစ်တကျ ရေးဆွဲဆောင်ရွက်ရန် လိုကြောင်း မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရှမ်းပြည်နယ် (မြောက်ပိုင်း) အဆောက်အဦ ဦးစီးဌာန၊ လမ်းဦးစီးဌာန၊ တံတားဦးစီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနတို့မှ ဦးစီးဌာနအလိုက် အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံ၍ ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ ကျင့်ဝတ်၊ ဝန်ထမ်းများ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်း ပြဋ္ဌာန်းချက်အတိုင်း နေထိုင်ရန်လိုကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်း သန္နိဌာန် (၆) ချက်အား လိုက်နာရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အပေါ် သစ္စာစောင့်သိရမည်ဖြစ်ကြောင်း၊ ပါတီနိုင်ငံရေး ကင်းရှင်းရမည်ဖြစ်ကြောင်း၊ တစ်ဦးချင်းလုံခြုံရေး၊ ရုံး၊ အဆောက်အဦလုံခြုံရေး ၊ စက် / ယာဉ် ယန္တရားများ လုံခြုံရေးကို လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းအချင်းချင်း ညီအစ်ကိုမောင်နှမစိတ်၊ မိသားစုစိတ်ဖြင့် အပြန်အလှန ရိုင်းပင်းကူညီကြရန် မှာကြားပြီး တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
သတင်းစဉ်