နေပြည်တော် ၂၅ နိုဝင်ဘာ
ဆောက်လုပ်ရေးဝန်ကြီးဌာန Public Works Department ၏ (၁၃၄) နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန စုဝေးခန်းမဆောင်၌ Coronavirus Disease 2019 (COVID–19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့၏ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ ဒုတိယဝန်ကြီး ဒေါက်တာ ကျော်လင်း၊ အမြဲတမ်း အတွင်းဝန် ဦးရွှေလေး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဂုဏ်ပြုလက်မှတ်ရယူမည့် ကိုယ်စားတက်ရောက်သူများ၊ တာဝန်ရှိသူများသည် ရုံးအမှတ် (၁၁)၊ စုဝေးခန်းမဆောင်မှ တက်ရောက်ကြပြီး ဦးစီးဌာနများမှ အင်ဂျင်နီယာချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများသည် Online ဖြင့်လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ် ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများသည် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်တို့မှ Online စနစ်ဖြင့်လည်းကောင်း ချိတ်ဆက်တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် က ပြည်သူများအတွက် လိုရာခရီးကို ချောမွေ့လွယ်ကူစွာ သွားလာနိုင်ရေး လမ်း၊ တံတား၊ မြို့ပြအိမ်ရာ၊ တိုက်တာအဆောက်အဦ စသည့် လူမှုဘဝလိုအပ်ချက်များကို အင်ဂျင်နီယာ အတတ်ပညာနှင့် ဆောင်ရွက်ပေးခဲ့ရာ ဆောက်လုပ်ရေးဝန်ကြီးဌာနသည် ခေတ်အဆက်ဆက် Public Works Department (PWD) မှစ၍ ယခုဆိုလျှင်(၁၃၄)နှစ်တိုင်ခဲ့ပြီ ဖြစ်ပါကြောင်း။
ဆောက်လုပ်ရေးဝန်ကြီးဌာနကို ခေတ်အဆက်ဆက် ပြောင်းလဲဖွဲ့စည်းခဲ့ရာတွင် ၂၀၁၇ ခုနှစ်မှစ၍ အဆောက်အဦ ဦးစီးဌာန၊ လမ်းဦးစီးဌာန၊ တံတားဦးစီးဌာန၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနတို့ဖြင့် ပြန်လည်ဖွဲ့စည်းကာ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မဟာဗျူဟာရည်မှန်းချက်ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးသည် အဓိကလိုအပ်သဖြင့် ထိုလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရသည့် တာဝန်မှာလည်း ကြီးမားလှပါကြောင်း၊ ယနေ့အချိန်ထိ ဆောက်လုပ်ရေးဝန်ကြီးဌာနအဖြစ် မားမားမတ်မတ် ရပ်တည်နိုင်ခြင်းအတွက် ခေတ်အဆက်ဆက် တာဝန် ကျေပွန်အောင် ထမ်းဆောင်ခဲ့သည့် ဝန်ထမ်းများကို မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း။
မြန်မာနိုင်ငံတစ်ဝန်း၌ လမ်း၊ တံတား၊ အဆောက်အဦများ၊ မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများကို အရည်အသွေး စံချိန် စံညွှန်းပြည့်မီစွာ ဆောင်ရွက်နိုင်ရန် အင်ဂျင်နီယာကဏ္ဍ၏ တိုးတက်ပြောင်းလဲမှု၊ သုတေသနအပိုင်း၊ တီထွင်မှုအပိုင်းများနှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်သော ဝန်ကြီးဌာနတစ်ခုအဖြစ် ရပ်တည်နေမည် ဖြစ်ပါကြောင်း။
အဆင့်မြှင်နည်းပညာ၊ စက်၊ ယာဉ်ယန္တရားများနှင့် ဝန်ကြီးဌာန၏ ဆောင်ပုဒ်နှင့်အညီ မြန်၊ ကောင်း၊ သက်သာပြီး လုံခြုံစိတ်ချစွာ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုလို ဆောင်ရွက်ခြင်းအားဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝ များလည်း တိုးတက်လာမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း က ဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များကို အကျဉ်းချုပ် တင်ပြသည်။
ဆက်လက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦဦးစီးဌာန၊ လမ်းဦးစီးဌာန၊ တံတားဦးစီးဌာန၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ၂၀၁၉-၂၀၂၀ တစ်နှစ်တာကာလ အတွင်း လုပ်ငန်းဆောင်ရွက်မှုနှင့် တိုးတက်မှုအခြေအနေများကို Video ဖြင့် ပြသသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ဗဟိုဝန်ထမ်းတက္ကသိုလ်မှ စံပြသင်တန်းသားဆုနှင့် ဗဟိုသင်တန်း ကျောင်း (သုဝဏ္ဏ)မှ ပထမဆု ရရှိသူများကိုလည်းကောင်း၊ ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ခြောက်ဘာသာဂုဏ်ထူးရရှိသူ (၈)ဦးနှင့် အငြိမ်းစားယူမည့် အရာရှိများကိုလည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းက ဦးစီးဌာနများမှ လုပ်ငန်းခွင်အတွင်း စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ခဲ့သည့် ဝန်ထမ်းများကိုလည်းကောင်း၊ ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ငါးဘာသာဂုဏ်ထူးရှင် (၂၀)နှင့် အငြိမ်းစားယူမည့် အရာရှိများကိုလည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။
ဆက်လက်၍ အမြဲတမ်းအတွင်းဝန် ဦးရွှေလေးက ဦးစီးဌာနများမှ လုပ်ငန်းခွင်အတွင်း စွမ်းစွမ်းတမံ ကြိုးပမ်း ဆောင်ရွက်ခဲ့သည့် ဝန်ထမ်းများကိုလည်းကောင်း၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် လေးဘာသာဂုဏ်ထူးရရှိသူ (၁၉) ဦးကိုလည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။
ထို့နောက် ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်ဦးက ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် သုံးဘာသာဂုဏ်ထူးရရှိသူ (၁၉)ဦးအတွက် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပြီး ဂုဏ်ထူးရရှိသူ ကျောင်းသား/ ကျောင်းသူများကိုယ်စား ခြောက်ဘာသာ ဂုဏ်ထူးရှင် မမေမင်းသုံ က ကျေးဇူးတင်စကား ပြောကြားသည်။ ဆက်လက်၍ အငြိမ်းစားယူမည့် အရာရှိများကိုယ်စား အင်ဂျင်နီယာချုပ် (မြို့ပြ) ဦးကျော်ကျော်က ကျေးဇူးတင် စကား ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာအကြီးအကဲများသည် ပြခန်းများအတွင်း ပြသထားသည့် အဆောက်အဦဦးစီးဌာန၊ လမ်းဦးစီးဌာန၊ တံတားဦးစီးဌာန၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ (၄)နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့သော မှတ်တမ်းဓာတ်ပုံများနှင့် မကြာမီက ဖွင့်လှစ်ပေးခဲ့သည့် အမှတ် (၂) ပုသိမ်တံတားအပါအဝင် တံတားကြီးများ၏ ပုံစံငယ်တို့ကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
သတင်းစဉ်


