ဆော ၂၂ စက်တင်ဘာ
မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်ထုတ်ယူမည့် ပင်စင်စားများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် လူစုလူဝေးမဖြစ်ပေါ်စေရေးနှင့် ပင်စင်ထုတ်ယူရေး အဆင်ပြေစေရန် ပင်စင်လစာများကို စက်တင်ဘာ ၂၁ ရက်နေ့မှစတင်၍ နေ့ရက်များအလိုက် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ယင်းသို့ထုတ်ပေးရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များနှင့်အညီ ပင်စင်လာရောက် ထုတ်ယူသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် စနစ်တကျ ရှိစေရန် သုံးပေအကွာ စည်းများပြုလုပ်ထားပေးခြင်း၊လက်ဆေးဘေစင်များ ပြုလုပ်ထားပေးခြင်း၊ ပါးစပ်နှင့် နှာခေါင်းစည်း (mask) စနစ်တကျ တပ်ဆင်စေခြင်း၊ ကျန်းမာရေးဝန်ထမ်းများနှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များမှ ကိုယ်အပူချိန်တိုင်းပေးခြင်းတို့ကိုဆောင်ရွက်၍ မြို့နယ်ရဲတပ်ဖွဲ့နှင့် ရပ်ကွက် အဖွဲ့ဝင်များက ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ပင်စင်ထုတ်ပေးရာ၌ လူစုလူဝေးမဖြစ်ပေါ်စေရန်အတွက် စက်တင်ဘာ ၂၁ ရက် နေ့မှ ၂၉ ရက်နေ့အထိ ဆောမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ပင်စင်စားများအား နေ့ရက်များအလိုက် နံနက် ၇ နာရီခွဲမှ မွန်းလွဲ ၃ နာရီ ထိ ထုတ်ပေးလျက်ရှိကြောင်းနှင့် သတ်မှတ်ရက်များတွင် လာရောက် ထုတ်ယူခြင်းမရှိသော အငြိမ်းစားများသည် အောက်တိုဘာလဆန်းတွင် ဘဏ်လုပ်ငန်းချိန်အတွင်း ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မန်ဂျာ ဒေါ်ခင်သန်းထွေးထံမှ သိရသည်။
ဇော်မျိုးသန့်(ဆော)