ဆော ၂၄ ဇွန်  

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ နှော်ကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လူထုဗဟိုပြုစီမံကိန်း တတိယနှစ်စက်ဝန်းဖြင့်  ကွန်ကရစ်တံတားတည်ဆောက်ခြင်းလုပ်ငန်းကို မတ်လပိုင်းက စတင်အကောင်အထည်ဖော် တည်ဆောက်ခဲ့ရာ ယခုအခါ ၉၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း ဆောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။

 

0434

 

နှော်ကျေးရွာအတွင်း ချောင်းကူးတံတားရှိသော်လည်း တံတားမှာ ဟောင်းနွမ်းပျက်စီးနေ၍ ဖြတ်သန်းသွားလာရာတွင် အန္တရာယ်ရှိသောကြောင့် အခုလို တံတားအသစ် တည်ဆောက်ရခြင်း ဖြစ်ကြောင်း၊ နှော်ကျေးရွာ ကွန်ကရစ်တံတား အရှည် ၄၀ ပေ အကျယ် ၁၄ ပေ အမြင့် ၁၄ ပေကို လူထုဗဟိုပြုစီမံကိန်း ထောက်ပံ့ရန်ပုံငွေကျပ်  ၂၇၆ သိန်း၊ ပြည်သူထည့်ဝင်ငွေကျပ် ၄ သိန်း၊ စုစုပေါင်း ငွေကျပ် ၂၈၀ သိန်းဖြင့် တည်ဆောက် နေခြင်းဖြစ်ကြောင်း၊ လက်ရှိအချိန်မှာတော့ ၉၀ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးကာ ဇွန်လအကုန် အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်း တာဝန်ခံ ဒေါ်သီရိဇင်မင်းက ပြောပြချက်အရ သိရသည်။

အဆိုပါ လုပ်ငန်းဆောင်ရွက်နေမှုများကို မကွေးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးမျိုးအောင်၊ ဂန့်ဂေါခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းအောင်၊ ဆောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒေါ်မြစန်းလင်းနှင့် တာဝန်ရှိသူများက ကျေးရွာကော်မတီဝင်များနှင့်အတူ ကွန်ကရစ်တံတားတည်ဆောက်နေမှုလုပ်ငန်းကို  ကြည့်ရှုစစ်ဆေးပါသည်။

ဆောမြို့နယ်အတွင်းရှိ ကျေးရွာအားလုံး၌ ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ်တွင် လူထုဗဟိုပြုစီမံကိန်း တတိယနှစ်စက်ဝန်းဖြင့် လမ်းလုပ်ငန်း ၂၄ ခု၊ တံတားလုပ်ငန်းငါးခု၊ မီးလင်းရေးလုပ်ငန်း ၃၃ ခု၊ ရေပေးရေးလုပ်ငန်းခြောက်ခု၊ စာသင် ကျောင်းဆောင်ဆောက်လုပ်ခြင်း လုပ်ငန်း ၁၉ ခု၊ စာသင်ကျောင်းခြံစည်းရိုးကာရံခြင်း လုပ်ငန်းတစ်ခု၊ မြေထိန်းနံရံ တည်ဆောက်ခြင်းလုပ်ငန်းငါးခု၊  ဘက်စုံသုံး ခန်းမတည်ဆောက်ခြင်းလုပ်ငန်း ၁၈ ခုတို့ကို စီမံကိန်းထောက်ပံ့ရန်ပုံငွေကျပ် ၁၆၇၅ သန်း၊ ပြည်သူထည့်ဝင်ငွေများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

သန်းလွင်(မကွေး)