ညောင်ဦး ဇူလိုင် ၁
မန္တလေးတိုင်းဒေသကြီး၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသတွင် စီမံချက်ဖြင့် အကောင်အထည်ဖော် ဆောင်နေသည့် ဆေးလိပ်ငွေ့ကင်းစင် ပုဂံယဉ်ကျေးမှုတစ်ခွင် လုပ်ငန်းစီမံချက် (၆)လပတ် ညှိနှိုင်းဆွေးနွေးပွဲနှင့် ဆေးလိပ်ငွေ့ကင်းစင်နေရာများ စစ်ဆေးခြင်းသင်တန်းကို ဇူလိုင်လ ၁ ရက်နေ့ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ Heritage Hotel အစည်းအဝေးခန်းမတွင် ကျင်းပဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ညောင်ဦးခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က အဖွင့်အမှာစကား ပြောကြားပြီး ပုဂံရှေးဟောင်း သုတေသနပြတိုက် ဒုတိယညွှန်ကြားရေးမှူးဦးညီမွန်းက ၆ လတာကာလအတွင်း ဆေးလိပ်ငွေ့ကင်းစင်ရေး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ခဲ့မှုများကို Power Point ဖြင့် ရှင်းလင်းခဲ့ကြောင်း သိရသည်။
ထို့နောက် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာသန်းစိန်က အလုပ်အမှုဆောင်အဖွဲ့၏ ဖြည့်ဆည်း ဆောင်ရွက်ခဲ့မှုများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ပြီး ရွှေစည်းခုံ၊ သဗ္ဗေညု၊ ဗူးဘုရားတို့တွင် Sticker Campaign များ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ အခမ်းအနား ဒုတိယပိုင်းတွင် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း အဖွဲ့ဝင် ဒေါက်တာသိန်းထွန်းမှ ဆေးလိပ်ငွေ့ကင်းစင်နယ်မြေဖြစ် ကြောင်းစိစစ်ခြင်းလုပ်ငန်းများ၊ စစ်ဆေးရေးပုံစံနည်းစနစ်များကို လက်တွေ့သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသည့် သင်တန်းများမှ လက်တွေ့ကွင်းဆင်း ဆောင်ရွက်ခဲ့မှု လုပ်ငန်းအတွေ့အကြုံများဝေမျှခြင်း၊ ဆွေးနွေးအကြံပြုခြင်းနှင့် သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
အခမ်းအနားသို့ ညောင်ဦးခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊ ပုဂံရှေးဟောင်းသုတေ သနပြတိုက် ဒုတိယညွှန်ကြားရေးမှူးဦးညီမွန်းနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေါက်တာသန်းစိန် ဦးဆောင်သည့် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းအဖွဲ့မှ တာဝန်ရှိသူများ၊ ပုဂံဒေသတစ်ခွင်ဆေးလိပ်ငွေ့ကင်းစင် နယ်မြေတည်ထောင်ရေးကြီးကြပ်ကော်မတီဝင်များ၊ ဧည့်လမ်းညွှန်များ၊ ပုဂံဒေသဟိုတယ်နှင့် စားသောက်ဆိုင် လုပ်ငန်းရှင်များ၊ စေတနာ့ဝန်ထမ်းများနှင့် သင်တန်းသား၊သင်တန်းသူများ စုစုပေါင်း ၁၈၂ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဖေလိန်း(ပုဂံ)


