ဆီဆိုင် ၁၂ ဩဂုတ်
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ်အတွင်းရှိ ကုန်းလမ်း၊ နမ့်ဟူး၊ ဝိန်းကွန်၊ ပန်တိုင်းကျေးရွာလေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် Eastern States Agri-business Project(ESAP)၊ UNICEF တို့ပူးပေါင်း၍ သောက်သုံးရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ ဦးစီးဌာနမှ သိရသည်။
ကုန်းလမ်းကျေးရွာတွင် သောက်သုံးရေရရှိရေး စိမ့်စမ်းရေပိုက်လိုင်း အရှည်ပေ ၁၄၈၄၀ သွယ်တန်းခြင်းလုပ်ငန်း၊ နမ့်ဟူးကျေးရွာတွင် သောက်သုံးရေရရှိရေး စိမ့်စမ်းရေပိုက်လိုင်း ပေ ၁၅၂၂၀ သွယ်တန်းခြင်းလုပ်ငန်း၊ ဝိန်းကွန် ကျေးရွာတွင် သောက်သုံးရေရရှိရေး ၀/၃ မိုင်ရှိ စိမ့်စမ်းရေသွယ်တန်းခြင်းလုပ်ငန်း၊ ပန်တိုင်းကျေးရွာတွင် သောက်သုံးရေရရှိရေး စိမ့်စမ်းရေပိုက်လိုင်း ၀/၂ မိုင် သွယ်တန်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း ဆီဆိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နန်းနု က ပြောသည်။
အဆိုပါကျေးရွာလေးရွာ၌ သောက်သုံးရေရရှိရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအား ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးချုပ်(နေပြည်တော်)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခိုင်စုဟန်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခိုင်မွန်ကျော်၊ ရှမ်းပြည်နယ်တောင်ပိုင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နော်မူးခိုဖောနှင့် ဝန်ထမ်းများက ယနေ့ နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ငြိမ်းသူ