ဆီဆိုင် ဇွန် ၁၀

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် ဒေသခံပြည်သူများ သောက်သုံးရေပြတ်လတ်မှု မဖြစ်ပေါ်စေရန်အတွက် ယနေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှ သောက်သုံးရေလိုအပ်သည့် နေရာများသို့ အိမ်တိုင်ရာရောက် ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

 

ထိုသို့ သောက်သုံးရေဖြန့်ဝေရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက သောက်သုံးရေလိုအပ်သည့် မြကန်သာရပ်ကွက်နှင့် ဟိုခဲရပ်ကွက်ရှိ ဒေသခံပြည်သူများအား ရေသယ်ယာဉ်ဖြင့် အိမ်တိုင်ရာရောက် အခမဲ့ဖြန့်ဝေပေးလျက်ရှိသည်။ ထို့ပြင် ဆီဆိုင်မြို့တွင် ပြန်လည်ဝင်ရောက်နေထိုင်ကြသည့် ဒေသခံပြည်သူများ သောက်သုံးရေပြတ်လတ်မှု မဖြစ်ပေါ်စေရေးအတွက် မြို့နယ်စည်ပင်သာယာရေးဌာနမှ မြို့ရေပေးဝေရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆိုလာအမြင့်တင်စနစ်အသုံးပြု၍ သောက်သုံးရေဖြန့်ဝေရေးနှင့် ရေသယ်ယာဉ်ဖြင့် သောက်သုံးရေဖြန့်ဝေရေးလုပ်ငန်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပြီး ဒေသခံပြည်သူများအနေဖြင့် သောက်သုံးရေများလိုအပ်ပါက အဆိုပါဌာနများအား ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သိရှိရသည်။

 

နေမင်း(ဆီဆိုင်)