နေပြည်တော် ၂၈ ဩဂုတ်
ဆွီဒင်သာသနာပြု ဆရာတော်များဖြစ်ကြသော အရှင်သောဘန၊ အရှင်သုနန္ဒာလင်္ကာရနှင့် နော်ဝေ၊ ဒိန်းမတ်၊ ဖင်လန်၊ ပြင်သစ်၊ ဗြိတိန်နှင့် ဆွီဒင်နိုင်ငံတို့မှ ဆရာတော်သံဃာတော် (၁၉)ပါးတို့အား အမှူးပြု၍ ဆွီဒင်နိုင်ငံရှိ တိရတနာဘုန်းတော်ကြီးကျောင်းအတွင်း တည်ထားကိုးကွယ်အပ်သော သဗ္ဗဇယမင်္ဂလာစေတီတော်မြတ်ကြီး၏ အထက်ဋ္ဌာပနာပိတ်ပွဲနှင့် ထီးတော်လှည့်လည် အပူဇော်ခံခြင်း၊ ထီးတော်တင်ခြင်း၊ စေတီတော်အား အနေကဇာတင်ခြင်း၊ သံဃာတော်များအား ဆွမ်းဆက်ကပ် လှူဒါန်းခြင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူခြင်း၊ ဝါဆိုသင်္ကန်း ကပ်လှူခြင်းအခမ်းအနားတို့ကို ဇူလိုင်လအတွင်း ဆွီဒင်နိုင်ငံ၊ Hjortkvarn ၌ ကျင်းပခဲ့ရာ ဆွီဒင်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်း၊ သီရိလင်္ကာ သံအမတ်ကြီး H.E.Mr.Sudantha Ganegama နှင့် ဘုရားဒါယကာ ဆွီဒင်ဂုဏ်ထူးဆောင် ကောင်စစ်ဝန်ဟောင်း ဒေါက်တာ မြင့်ဟန်တို့ တက်ရောက်ခဲ့ကြသည်။
ယင်းအခမ်းအနားတွင် သာသနာပြုဆရာတော် သံဃာတော်(၁၉)ပါး၊ Stockholm Buddhist Vihara မှ သီရိလင်္ကာဆရာတော် Bhante K. Siri Dhammaratana Maha Thera၊ ဆွီဒင်ဂုဏ်ထူးဆောင် ကောင်စစ်ဝန် ဒေါ်ပွင့်မာဟန် အပါအဝင် မြန်မာနိုင်ငံနှင့် ဥရောပနိုင်ငံများမှ ဘုရားဒါယကာ၊ ဒါယိကာမများ တက်ရောက်ခဲ့ကြသည်။
ဆွီဒင်နိုင်ငံ၌ သီတင်းသုံးတော်မူသော ဆရာတော် ဦးသောဘနသည် ဆွီဒင်နိုင်ငံ၌ ထေရဝါဒ ဗုဒ္ဓသာသာနာတော်ပြန့်ပွားရေးနှင့် ဆွီဒင်နိုင်ငံရောက် မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်များ ကိုးကွယ်ရန် ရည်ရွယ်၍ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတစ်ကျောင်း တည်ထောင်ရန် ဆန္ဒပြင်းပြခဲ့ရာမှ မြန်မာနိုင်ငံနှင့် ဆွီဒင်နိုင်ငံရှိ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုး စေတနာရှင်များ၏ လှူဒါန်းမှုများဖြင့် မြန်မာဘုန်းတော်ကြီးကျောင်းအား ၂၀၁၂ ခုနှစ်၊ နှစ်ဉီးပိုင်းမှစတင်၍ မြေနေရာရှာဖွေခဲ့ပြီး ဆွီဒင်နိုင်ငံ၊ Hjortkvarn မြို့သည် မြန်မာလူမျိုး အများစုနေထိုင်လျက်ရှိခြင်း၊ ခရီးလမ်းဆုံ အချက်အချာကြသည့် Örebro မြို့နှင့် မဝေးကွာခြင်းတို့ကြောင့် အဆိုပါနေရာတွင် တိရတနာမြန်မာဘုန်းတော်ကြီးကျောင်းအား ၂၀၁၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။
ဆွီဒင်နိုင်ငံ၊ Hjortkvarn မြို့၊ မြန်မာဘုန်းတော်ကြီးကျောင်းဝင်းအတွင်း၌ပင် ထေရဝါဒ ဗုဒ္ဓဘာသာ စေတီတော်တစ်ဆူ (သဗ္ဗဇယမင်္ဂလာစေတီတော်)အား တည်ထားကိုးကွယ်ရန် ရည်ရွယ်ပြီး ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလမှ စတင်၍ မြေသန့်မင်္ဂလာပြုခြင်းအား စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


