ဆိပ်ဖြူ       ဇန်နဝါရီ      ၂၀

 

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့ရှိ ဆီးချိုပင်ကိုင်းကူစိုက်ပျိုးထားခြင်းမှ ဆီးသီးပေါ်ချိန်၌ မိသားစုဝင်ငွေ ရရှိလျက်ရှိကြောင်း သိရသည်။

 

ဆိပ်ဖြူမြို့နယ်တွင် ယာမြေဥယျာဉ်စိုက်ခင်းများ၌ ဆီးပင်များကိုစိုက်ပျိုးကြရာ ထိုမှတဆင့် မျိုးကောင်း မျိုးသန့် ဆီးချိုကိုင်းများကိုရယူ၍ စီးပွားဖြစ် ကိုင်းကူးစိုက်ပျိုးဆောင်ရွက်ခဲ့ကြပြီး ဆီးသီးပေါ်ချိန်ကာလ၌ ဒေသခံပြည်သူများနှင့် ရပ်ဝေးပြည်သူများက ရာသီပေါ်ဆီးချိုသီးများကို လာရောက်ဝယ်ယူစားသုံးကြ ကြောင်း သိရသည်။

 

ဆီးပင်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းကို ဆီးသီးများခူးဆွတ်ပြီး ဧပြီလအတွင်း၌ ဆီးကိုင်းများ ခုတ်ထွင် ရှင်းလင်းခြင်း၊ ခုတ်ထားသည့်ဆီးကိုင်းများကို ထိပ်၌ထုံးသုတ်ခြင်းများ ဆောင်ရွက်ပေးရကြောင်း၊ မိုးတွင်းကာလ၌ ဆီးပင်ပတ်လည်၌ ပေါင်းမြက်များရှင်းလင်းခြင်း၊ ရေဝပ်ကျင်းများ တူးဖော်ဆောင်ရွက် ထားရှိပြီး ဆီးပွင့်များစုံသည့်အချိန်၌ ပိုးသတ်ဆေးနှင့် အသီးအပွင့်အားဆေးတို့ကို ပက်ဖျန်းပေးရကြောင်း၊ ရာသီချိန်မဟုတ်ပဲသီးသည့်  ဆီးသီးများကို ခူးချွေပေးရပြီး နောင်ထွက်ပေါ်လာသည့် ဆီးသီးများကို ဈေးကွက်အတွင်း ဖြန့်ချိရောင်းချရကြောင်း၊ ဆီးချိုသီးတစ်ပြည်လျှင် လက်ရှိ (၂၀၀၀)ကျပ်ဖြင့် ရောင်းချနေရပြီး တစ်နေ့လျှင် နေ့စဉ်ဝင်ငွေ (၃၀၀၀၀)ကျပ်ရှိကြောင်း၊ ဆီးချိုသီးကို နှစ်စဉ် ဒီဇင်ဘာလယ်မှ မတ်လထိ ခူးဆွတ်ရောင်းချရပြီး နွေရာသီကာလများတွင် ဆီးသီးအချိုခြောက်များကို ထပ်မံရောင်းချရပြီး ဆီးသီးတစ်ရာသီဝင်ငွေမှာ (၁၅)သိန်းကျပ်ခန့်ရရှိကြောင်း၊ တစ်နှစ်တစ်ခါ ဆီးကိုင်းများ ခုတ်ထွင်ရှိလင်းရာမှ ထွက်ရှိသောဆီးသားထင်းများကို မုန့်ကြော်လုပ်ငန်းလုပ်ကိုင်သူများက လာရောက်ဝယ်ယူကြပြီး ဆီးထင်း ရောင်းရငွေ (၃)သိန်းကျပ်ခန့်ထပ်မံရရှိကာ ဆီးစိုက်ခင်းမှ ကျပ်(၁၈)သိန်းခန့် ဝင်ငွေရရှိကြောင်း ဆီးချိုပင် အပင် ၈၀ ခန့်ကိုင်းကူးစိုက်ပျိုးထားသည့် ဆီးခြံပိုင်ရှင်တစ်ဦးထံမှ သိရသည်။

ကိုဇွဲ(အညာမြေ)