နေပြည်တော် ဒီဇင်ဘာ ၁၅
စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီဥက္ကဋ္ဌ စွမ်းအင်ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးသန့်စင်သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သန်လျင် မြို့နယ် သီလဝါဆိပ်ကမ်းရှိ စက်သုံးဆီတင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်း ဆောင်ရွက်နေသော စက်သုံးဆီသိုလှောင်စခန်းများသို့ရောက်ရှိကာ ပြည်ပမှ စက်သုံးဆီတင်သင်္ဘောများဖြင့် စက်သုံးဆီ တင်သွင်းရောက်ရှိနေမှု အခြေအနေများ၊ စက်သုံးဆီသိုလှောင်ကန်များသို့ စက်သုံးဆီလက်ခံချယူနေမှု အခြေအနေများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ ဆီသယ်ယာဉ်များဖြင့် စက်သုံးဆီ ဖြန့်ဖြူးပေးပို့ရန် မျှောစနစ်ဖြင့် ဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်များ၏ အများပြည်သူသို့ စက်သုံးဆီဖြန့်ဖြူး ရောင်းချပေးနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ဆောင်ရွက်နေကြသည့် ကုမ္ပဏီများအနေဖြင့် သိုလှောင် စခန်း၊ ဆိပ်ကမ်းနှင့် ဆိပ်ခံတံတားများ၏ လုံခြုံရေးကို အထူးဂရုပြုဆောင်ရွက်ကြရန်၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် သတ်မှတ်ထားသည့် SOP (Standard Operating Procedure) များကို လိုက်နာဆောင်ရွက်ကြရန်၊ ဆီတင်/ဆီချဆောင်ရွက်ရာတွင် စက်သုံးဆီများ ယိုဖိတ်မှုမရှိစေရေးနှင့် စက်သုံးဆီများအား အရည်အသွေးပြည့်မီစွာ ထိန်းသိမ်းဖြန့်ဖြူးပေး နိုင်ရေးတို့ကို တာဝန်ရှိသူအဆင့်ဆင့်မှ ကြပ်မတ်ဆောင်ရွက်ကြရန်၊ ဆီသယ်ယာဉ်များအတွက် လူကိုယ်တိုင် မျှောထုတ် ယူရသည့်စနစ်မှ Online ဖြင့် မျှောထုတ်ယူနိုင်သည့် အဆင့်သို့ အသုံးပြု သွားနိုင်ရေးနှင့် Software စနစ် တပ်ဆင်အသုံးပြု၍ စက်သုံးဆီဝယ်ယူသုံးစွဲမှု အခြေအနေကို ကြီးကြပ် စောင့်ကြည့်နိုင်ရေး အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်နှင့် စက်သုံးဆီအရောင်း ဆိုင်များအနေဖြင့်လည်း အများပြည်သူသို့ ဝန်ဆောင်မှုကောင်းမွန်စွာဖြင့် အရည်အသွေးနှင့် အချိန်အတွယ် ပြည့်မီစွာ ဖြန့်ဖြူးရောင်းချပေးနိုင်ရေး အလေးထားဆောင်ရွက်ကြရန် မှာကြားခဲ့ ကြောင်း သိရသည်။
သတင်းစဉ်