နေပြည်တော် ဩဂုတ်  ၁၇

 

ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရေး စီမံကိန်းလုပ်ငန်းအကောင်အထည်ဖော်မှု ကြီးကြပ်ရေးကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးသို့ ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရေးစီမံကိန်း လုပ်ငန်းအကောင်အထည်ဖော်မှု ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ ကော်မတီဝင်များဖြစ်ကြသည့် ပြည်ထောင်စုအဆင့် ဝန်ကြီးဌာန အသီးသီးမှ  ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူး များ  တက်ရောက်ကြသည်။

 

ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက မြန်မာနိုင်ငံ၏ ဆီထွက်သီးနှံကဏ္ဍ ဖွံ့ဖြိုး တိုးတက်စေရန်နှင့် စားသုံးဆီဖူလုံစေရန် ရည်ရွယ်၍ စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေးကော်မတီက ဧပြီ ၂၂ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် - ၁/၂၀၂၂ ဖြင့် “ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရေး စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်မှု ကြီးကြပ်ရေးကော်မတီ” ကို ဖွဲ့စည်း တာဝန် ပေးအပ်ခဲ့ကြောင်း၊ ပြည်တွင်း စားသုံးဆီဖူလုံရေးနှင့် စားသုံးဆီ တင်ပို့ရောင်းချနိုင်ရေးအတွက် ဘဏ္ဍာနှစ်အလိုက် နေကြာနှင့် ဆီထွက်သီးနှံများတိုးချဲ့စိုက်ပျိုးရန်၊ ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးလာရန် တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ရာ တောင်သူများ၏ လိုအပ်ချက်၊ ပုဂ္ဂလိကပိုင်း၏လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

           

အစည်းအဝေး၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဆီထွက်သီးနှံများတိုးချဲ့စိုက်ပျိုးရေးတွင် နေကြာသီးနှံကို ဧက(၁ ဒသမ ၅)သန်းထိ တိုးချဲ့စိုက်ပျိုးရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရန်ကိစ္စ၊ စီမံကိန်းအတွက်လိုအပ်သော ရန်ပုံငွေရရှိရေး၊ စိုက်ပျိုးစရိတ် ချေးငွေရရှိရေး၊ သွင်းအားစုများဖြစ်သော မျိုး၊ မြေဩဇာ၊ ဒီဇယ်ဆီတို့ကို ရာသီအချိန်မီရရှိရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပုဂ္ဂလိကကုမ္ပဏီများနှင့် ညှိနှိုင်းဆောင်ရွက်ရန်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စိုက်ပျိုးမည့်ဧကများကို ပြည့်မီအောင် စိုက်ပျိုးနိုင်ရေးနှင့် လျာထား အထွက် ရရှိရေး ကြီးကြပ်ဆောင်ရွက်ရန် လိုအပ်ချက်များ၊ စိုက်ပျိုးထွက်ရှိသော နေကြာသီးနှံများ ဈေးကွက် ရရှိရေးနှင့် ဆီထုတ်လုပ်မှု အဆင်ပြေချောမွေ့စေရေးအတွက် တောင်သူလယ်သမားများ၊ သီးနှံ ဝယ်ယူသူများနှင့် ဆီကြိတ်ခွဲ ရေးလုပ်ငန်းရှင်များအကြား မိတ်ဖက်ဖွဲ့စည်းခြင်းဖြင့် နေကြာသီးနှံ တန်ဖိုးကွင်းဆက် ဖွံ့ဖြိုးတိုးတက်ရေးစီမံဆောင်ရွက်ရန် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)