ဆိပ်ဖြူ ၆ ဇူလိုင်
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ဒေသခံပြည်သူများ သောက်သုံးရေ ဖူလုံစွာ ရရှိစေရေးအတွတ် အိမ်တိုင်ရာရောက် ရေသွယ်တန်းခြင်းစနစ် ဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုသည် ဇူလိုင် ၆ ရက် နံနက် ၉ နာရီခွဲက ဂွေးပင်ချောင်းကျေးရွာသို့ ကွင်းဆင်းကြည့်ရှုခဲ့သည်။
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတာ၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါ၍ ဂွေးပင်ချောင်းကျေးရွာတွင် ဆောင်ရွက်လျက်ရှိသည့် ဆိုလာပန့်ဖြင့် သောက်သုံးရေ ဖူလုံစွာရရှိစေရေးနှင့် အိမ်တိုင်ရာရောက် ရေသွယ်တန်းခြင်းစနစ် လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုခဲ့ရာ ပခုက္ကူခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးတင့်ဝေက ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးအောင်က ဖြည့်စွက်ရှင်းလင်း တင်ပြခဲ့သည်။
ရှင်းလင်းတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က အားပေးလမ်းညွှန် အမှာစကားများ ပြောကြားပေးပြီး ထိုမှတစ်ဆင့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဆိုလာပန့်ဖြင့် သန့်ရှင်းသော သောက်သုံးရေ ရရှိရေး ဆောင်ရွက်လျက်ရှိသည့် လိပ်ခြံကျေးရွာသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ကျေးလက်နေပြည်သူများ သောက်သုံးရေဖူလုံစွာ ရရှိပြီး အိမ်တိုင်ရာရောက် ရေသွယ်ယူစနစ်ကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ Unicef၊ ပြည်သူ ပူးပေါင်းဆောင်ရွက်မှုဖြင့် အကောင်အထည်ဖော်ကာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း(၁၃)ရွာ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
စိုးလင်းနိုင် (ပြန်/ဆက်)


