ဆိပ်ဖြူ ၂၁ စက်တင်ဘာ

 

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် ချောင်းမကြီးကျေးရွာမှ ပန်းမုံလာပျိုးပင် စိုက်ပျိုးသူများသည် မိမိစိုက်ခင်းစိုက်ပျိုးရန်အပြင် အခြားပန်းမုံလာစိုက်ပျိုးသူများအတွက် ပန်းမုံလာပျိုးပင်များ ရောင်းချရသည့် အတွက် မိသားစုအပိုဝင်ငွေ ရရှိလျက်ရှိကြောင်း သိရှိရသည်။

 

ချောင်းမကြီးကျေးရွာမှ ဒေသခံပြည်သူများသည် ဆောင်းသီးနှံပန်းမုံလာကို ရှမ်းကုန်စည် အစားထိုးသီးနှံအဖြစ် အများဆုံးစိုက်ပျိုးကြပြီး ထိုသို့စိုက်ပျိုးထုတ်လုပ်နိုင်ရန် မိမိနေအိမ် ခြံဝန်း အတွင်းနှင့် ဥယျာဉ်အတွင်းတို့တွင် ပျိုးဘောင်စနစ်ဖြစ်လည်းကောင်း၊ အိတ်ထည့်စိုက်ပျိုးခြင်းဖြင့် လည်းကောင်း နှစ်စဉ် ဝါဆိုလမှစတင်ကာ ပျိုးထောင်စိုက်ပျိုးကြပြီး ပျိုးပင် (၄၅)ရက်သား တော်သလင်းလအတွင်း စတင်စိုက်ပျိုးကြကြောင်း သိရှိရသည်။

 

ပန်မုံလာစိုက်ပျိုးသူများသည် လက်ရှိအချိန်တွင် စတင်စိုက်ပျိုးနေပြီးဖြစ်သည့်အတွက် မိမိတို့ စိုက်ခင်းများ မြေပြင်ပြီးစီး၍ စိုက်ပျိုးနေကြပြီး ပိုလျှံပျိုးပင်များကို ရောင်းချနေရသည့်အတွက် မိသားစု အပိုဝင်ငွေ ရရှိလျက်ရှိကြောင်း၊ ပန်းမုံလာပျိုးတစ်ပင်လျှင် (၁၀) ကျပ်မှ (၁၅)ကျပ် အထိဈေးရရှိပြီး ဝါဆိုလမှ မိမိနေအိမ်ခြံဝန်းအတွင်းမှာ မိမိစိုက်ပျိုးရန်နှင့် ပြန်လည်ရောင်းချရန်  ပျိုးဘောင်စနစ်ဖော်ပြီး ယခင်နှစ်က ကိုယ်တိုင်စိုက်ပျိုးထွက်ရှိသည့် ပန်းမုံလာ မျိုးစေ့များ ပြန်လည်ပျိုးထောင်ထားခြင်း ဖြစ်ကြောင်း၊ ပန်းမုံလာမျိုးစေ့ နို့ဆီဘူးတစ်ဝက်ခန့် ပျိုးထောင်ခဲ့ပြီး ရရှိသော ပျိုးပင်များကို မိမိစိုက်ခင်း အတွင်း စိုက်ပျိုးပြီးစီး ပိုလျှံပျိုးပင်ရောင်းရငွေ ငွေကျပ် (၁)သိန်းကျော် ရရှိပြီးဖြစ်သလို ပန်းမုံလာပျိုး လာရောက်ဝယ်ယူသူများကိုလည်း ဆက်လက်ရောင်းချပေးနေကြောင်း၊ နောက်နှစ်အတွက် ပန်းမုံလာ ပျိုးထုတ်လုပ်ရန်အတွက်လည်း နေအိမ်ခြံဝန်းအတွင်း ဆက်လက်စိုက်ပျိုးသွားမှာဖြစ်ပြီး ပန်းမုံလာ တစ်ဧကလျှင် တစ်ပေခြား အတန်းလိုက်စနစ်ဖြင့် အပင်ရေ (၁၅၀ဝ၀ မှ ၂၀ဝ၀ဝ) အထိ စိုက်ပျိုးကြကာ ယခုစိုက်ပျိုးသော ပန်းမုံလာများသည် နတ်တော်လနှင့် ပြာသိုလတို့တွင် လှိုင်လှိုင်ပေါ်ထွန်းကြောင်း၊ ဒေသခံပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသုံးနိုင်ပြီး ထွက်ရှိပန်းမုံလာများကို ချောက်မြို့နယ် နှင့် ဆိပ်ဖြူမြို့ ဈေးများတွင် ရောင်းချရကြောင်း ပန်းမုံလာ စိုက်ပျိုးသူတစ်ဦးထံမှ သိရှိရသည်။  

 

ကိုဇွဲ(အညာမြေ)