ဆိပ်ဖြူ၊ ဧပြီ ၁၉

 

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ကျေးလက်ကုန်ထုတ်လမ်း၊ ရေရရှိရေးလုပ်ငန်းများနှင့် ဆက်စပ်လုပ်ငန်းများကို ဆိပ်ဖြူအတွင်းကျေးရွာခြောက်ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆိပ်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

ဆိပ်ဖြူမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် နဘဲကန်ကျေးရွာ၌ အရှည် ၈၅၈၀ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၉ လက်မ အတိုင်းအတာရှိ မြေနီကျောက်စရစ်လမ်း ခင်းခြင်းနှင့် ဆက်စပ်လုပ်ငန်းများဖြစ်သည့် အကျယ် ၁၆ ပေ၊ အရှည် ၁၀ ပေ၊ အမြင့် ၃ ပေ အတိုင်းအတာရှိ Slab Culvert (၅)စင်း တည်ဆောက်ခြင်းလုပ်ငန်းများကို ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၆၀ ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ထို့ပြင် မြေပုကျေးရွာ၌ ၄ လက်မ GI ပိုက်ဖြင့် အနက်ပေ ၇၀၀ ရှိ စက်ရေတွင်းတူးဖော်ခြင်း၊ အလျား ၁၀ ပေ၊ အနံ ၈ ပေ၊ အမြင့် ၈ ပေ အတိုင်းအတာရှိ ရေစက်ရုံတည်ဆောက်ခြင်းနှင့် ဂါလန် ၅၀၀၀ ဆံ့ အုတ်ရေကန်တည်ဆောက်ခြင်း၊ ခြံစည်းရိုးကာရံခြင်းလုပ်ငန်း၊ မြောက်တောကျေးရွာ၌ ၄ လက်မ GI ပိုက်ဖြင့် အနက်ပေ ၇၀၀ ရှိ စက်ရေတွင်းတူးဖော်ခြင်း၊ အလျား ၁၀ ပေ၊ အနံ ၈ ပေ၊ အမြင့် ၈ ပေ အတိုင်းအတာရှိ ရေစက်ရုံတည်ဆောက်ခြင်းနှင့် ခြံစည်းရိုးကာရံခြင်းလုပ်ငန်း၊ ကမ္ဘားနီကျေးရွာ၌ မူလလက်ရှိစက်ရေတွင်းအား အဆင့်မြှင့်တင်ရန်အတွက် 10.53 kw ဆိုလာစနစ်တပ်ဆင်ခြင်းနှင့် ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် ၇၇ ဒသမ ၅၅ သန်းဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ​မြို့နယ်ဦးစီးမှူးထံမှ သိရသည်။

 

ဆက်လက်၍ အထက်ကွေ့တိုကျေးရွာ၌ ၄ လက်မ GI ပိုက်ဖြင့် အနက်ပေ ၇၀၀ ရှိ စက်ရေတွင်းတူးဖော်ခြင်း၊ ဆိုလာပန့်တပ်ဆင်ခြင်း၊ ဂါလန် ၅၀၀၀ ဆံ့ အုတ်ရေကန်တည်ဆောက်ခြင်းနှင့် ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများနှင့် ရွှေဒါးကျေးရွာ၌ ၄ လက်မ PVC ပိုက် အနက်ပေ ၄၀၀ ရှိ စက်ရေတွင်းတူးဖော်ခြင်း အလျား ၁၀ ပေ၊ အနံ ၈ ပေ၊ အမြင့် ၈ ပေ အတိုင်းအတာရှိ ရေစက်ရုံတည်ဆောက်ခြင်း၊ ဂါလန် ၅၀၀၀ ဆံ့ အုတ်ရေကန်တည်ဆောက်ခြင်း၊ ၂ လက်မ PVC ပိုက်အရှည်ပေ ၂၈၀၀ အတိုင်းအတာရှိ ရေပိုက်လိုင်းသွယ်တန်းခြင်းနှင့် ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများကို ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၇၃ ဒသမ ၆၂ သန်းဖြင့် လုပ်ငန်းများအားလုံးကို ယခုနှစ် ဧပြီလမှ စတင်၍ ၂၀၂၃ မတ်လအတွင်း အပြီးအကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆိပ်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရဲမင်းအောင်ထံမှ သိရသည်။

 

လက်ရှိအချိန်တွင် အဆိုပါလုပ်ငန်းများကို ဆောင်ရွက်နိုင်ရေးအတွက် တင်ဒါခေါ်ယူလျက်ရှိကြောင်း သိရသည်။

 

နွဲ့ယဉ်