ဆိပ်ဖြူ မေ ၁၃

 

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်ရှိ ကျေးရွာများတွင် ရေရရှိရေးလုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်ရေး၊ စက်ရေတွင်းပြုပြင်ထိန်းသိမ်းနည်းနှင့် ဘဏ္ဍာရေးစီမံခန့်ခွဲမှု သင်တန်းကို ယနေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ဆိပ်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရဲမင်းအောင်က ရေရရှိရေး လုပ်ငန်းများကို ရေရှည်အသုံးပြုနိုင်ရေး၊ အသေးစားပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်၊ သင့်တင့်လျောက်ပတ်သော ရေဖိုးရေခများကောက်ခံပြီး ကျေးရွာရေကော်မတီဝင်များက စနစ်တကျ စီမံခန့်ခွဲနိုင်စေရေး၊ ရေစင်ရှိပြီး ကျေးရွာများတွင် အိမ်တိုင်ရာရောက် ရေပိုက်လိုင်း သွယ်တန်းခြင်းနှင့် ရေမီတာတပ်ဆင်ခြင်းရေပေးရေးစနစ်သို့ အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးမှာကြားသည်။


ဆက်လက်၍ ဆိပ်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ (နည်းပညာ) ဒေါ်နှင်းဖြူဖြူလွင်က ကျေးရွာရေရရှိရေး ကော်မတီဝင်များကို ရေရရှိရေးလုပ်ငန်းလက်စွဲစာအုပ်ပါ စက်ရေတွင်းပြုပြင် ထိန်းသိမ်းနည်းစနစ်များ၊ စက်ရေတွင်းပြုပြင်ထိန်းသိမ်းရေး  လုပ်ငန်းများ ဆောင်ရွက်ရာ၌ကြုံတွေ့နိုင်သည့် အခက်အခဲများကို ဆွေးနွေးပြောကြားသည်။


ထို့နောက် ဆိပ်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အငယ်တန်းအင်ဂျင်နီယာ-၂ ဒေါ်ခိုင်မြင့်မူ က ရေဖိုးရေခ ကောက်ခံရန်ရေတစ်ယူနစ်အတွက် ကုန်ကျစရိတ်တွက်ချက်နည်းများ၊ ရေပေးဝေရေးစနစ်များကို ထိန်းသိမ်းခြင်း၊​ ရေကော်မတီအဖွဲ့ဝင်များ လိုက်နာရန်စည်းကမ်းချက်များနှင့် ရေသုံးစွဲသူများလိုက်နာရမည့်စည်း ကမ်းချက်များကို ဆွေးနွေးပြောကြားသည်။


အဆိုပါသင်တန်းသို့ တဲကြီးကျေးရွာ၊ ဒေါသာကျေးရွာ၊ ဇီးပင်ကြီးကျေးရွာ၊ ဆင်လမ်းချောင်းကျေးရွာ၊ ဖက္ကနား ကျေးရွာ၊ ညောင်ပင်လယ်ပွဲကျေးရွာတို့မှ ရေကော်မတီဝင် ၁၂ ဦးတက်ရောက်ခဲ့ကြပြီး သင်တန်းကို စာတွေ့၊ လက်တွေ့ဖြင့် တစ်ရက်ကြာ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။


နွဲ့ယဉ်